ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ တပေါင်းပွဲတော်နှင့် လောကာနန္ဒာစေတီတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာပွဲကျင်းပ

စစ်တွေ မတ်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ တပေါင်းပွဲတော်နှင့် လောကာနန္ဒာစေတီတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာပွဲကို ယမန်နေ့နံနက်ပိုင်းက လောကာနန္ဒာစေတီတော် လိုဏ်ဂူတော်အတွင်း၌ ကျင်းပရာ ပြည်နယ်ဩဝါဒါစရိယဆရာတော်ကြီးများ၊ ဆရာတော်သံဃာတော်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ထင်လတ်ဦး၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ဆရာတော်သံဃာတော်များက လောကာနန္ဒာစေတီတော် မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ကြသည်။ ဆက်လက်၍ သံဃာတော် အရှင်သူမြတ်များနှင့် ပြည်နယ်ဝန်ကြီးချုပ် အမှူပြုသော ဧည့်ပရိတ်သတ်များက အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး ပြည်နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့၊ ဓမ္မသုခကျောင်းတိုက်ပဓာနနာယက ဆရာတော်အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တသောမ မဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည် ကြသည်။

ထို့နောက် သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈယ် ချီးမြှင့်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ပြည်နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့၊ ဓမ္မသုခကျောင်းတိုက်ဆရာတော်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ညနေပိုင်းတွင် လောကာနန္ဒာစေတီတော်မြတ်ကြီး၌ တပေါင်းပွဲတော်နှင့် ဆီမီးပူဇော်ပွဲကို ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်တို့က ဦးဆောင်၍ စေတီတော်မြတ်ကြီးအား ပန်း၊ ဆီမီး၊ ရေချမ်းကပ်လှူပူဇော်ကာ ဆီမီးပူဇော်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)