ကျုံပျော် မတ် ၆
နိုင်ငံတော်မှ ဆက်ကပ်ချီးမြှင့်သော မဟာကမ္မဌာနစရိယဘွဲ့ တံဆိပ်တော်အား ယူဆောင်၍ ပုသိမ်မြို့မှ ပြန်လည် ကြွချီတော်မူလာသော ကျုံပျော်မြို့၊ ပင်လုံရပ်ကွက်၊ အောင်ဇဗ္ဗူကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တဝေပုလ္လာစာရအား ဂုဏ်ပြုကြိုဆိုပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၌ ယမန်နေ့ညနေ ၅ နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။
ဂုဏ်ပြုကြိုဆိုရာသို့ ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးဟိန်းမောင်မြင့်၊ အဖွဲ့ဝင်(၂) ဦးရန်နိုင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ မြို့ပေါ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ၊ စုစုပေါင်းအင်အား(၂၀၀)ဦးခန့်တို့ လာရောက် ကြိုဆိုခဲ့ကြသည်။
ထို့နောက် ဆရာတော်အား ကျုံပျော်မြို့အဝင်ထိပ်မှ ကြိုဆို၍ ဂုဏ်ပြုမော်တော်ယာဉ် ပလ္လင်ထက်သို့ပင့်ဆောင်ကာ အများပြည်သူ ကြည်ညိုနိုင်စေရန်အတွက် ဗိုလ်ချုပ်လမ်းမှ အင်းရဲလမ်းအတိုင်း လှည့်လည် ကြည်ညို အပူဇော်ခံပြီး ဆရာတော် သီတင်းသုံးနေထိုင်ရာ အောင်ဇဗ္ဗူကျောင်းတိုက်သို့ ပို့ဆောင်ခဲ့သည်။
ဆရာတော်သည် သီတင်းသုံးနေထိုင်ရာ အောင်ဇဗ္ဗူ ကျောင်းတိုက်အတွင်း ကမ္မဌာန်းရိပ်သာ ဖွင့်လှစ်၍ ကမ္မဌာန်း တရားပြခြင်းနှင့် သာသနာရေးဆိုင်ရာ လုပ်ငန်းများကို ကြိုးပမ်း ဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ ယခု မဟာကမ္မဌာနာစရိယ ဘွဲ့တံဆိပ်တော် ဆက်ကပ်ရရှိသည့်အတွက် တပည့်ဒါယိကာ၊ ဒါယိကာမများနှင့် မြို့နယ်မှ ပြည်သူများ ဝမ်းမြောက်လျက်ရှိကြောင်း သိရသည်။
လပြည့်ဦး(ကျုံပျော်)