ကြို့ပင်ကောက် မတ် ၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ သာစည်ကျေးရွာ ဆန်စက်လုပ်ငန်းရှင် ဦးဇော်သိန်း၏ ကောင်းခေတ်သစ်ဆန်စက်တွင် စွန့်ပစ်ပစ္စည်းစပါးခွံမှ လောင်စာတောင့်ထုတ်လုပ်၍ စက်မှုလုပ်ငန်းရှင်များထံသို့ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
စပါးခွံလောင်စာတောင့် ၅၀ ကီလိုတစ်အိတ်လျှင် မှော်ဘီမြို့စက္ကူစက်ရုံနှင့် တိရိစ္ဆာန်အစာ စက်ရုံတို့သို့ အရောက် ၅၇၅၀ ကျပ်ဖြင့် ရောင်းချပေးနေရကြောင်း ထိုစက်ရုံးများမှ ဘွိုင်လာအပူပေးရန်အတွက် အသုံးပြုနေကြောင်း ယခင်နှစ်များက နိုင်ငံခြားပို့ကုန်အဖြစ် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တင်ပို့ပေးခဲ့ရကြောင်း မြို့နယ်အတွင်း ကုန်ကြမ်းစပါးခွံရရှိမှုအပေါ်မူတည်၍ တစ်နာရီလျှင် ၅၀ ကီလို ၁၅ အိတ်ခန့် ထုတ်လုပ်နိုင်ကြောင်း ယခုအချိန်တွင် စပါးခွံလောင်စာတောင့်စက်အား လျှပ်စစ်ဖြင့်လည်ပတ်နေရပြီး ဂတ်စ်လောင်စာဖြင့် လည်ပတ်နိုင်ရေးအတွက် တိုးချဲ့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင် ဦးဇော်သိန်းထံမှ သိရသည်။
စပါးခွံလောင်စာတောင့်လုပ်ငန်းသည် ဒေသတွင်းစွန့်ပစ်ပစ္စည်းများအား ပြန်လည်အသုံးပြုနိုင်ခြင်း ဆန်စက်လုပ်ငန်းများရပ်နားထားချိန်တွင် လုပ်သားများအတွက် အလုပ်ပေးထားနိုင်ခြင်း စွန့်ပစ်ပစ္စည်းမှ နိုင်ငံခြားဝင်ငွေရရှိနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလျက်ရှိကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)