လွိုင်ကော် မတ် ၆
သာသနာတော်နှစ် ၂၅၆၆ ခု၊ ကောဇာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ မြို့လုံးကျွတ်ဆွမ်းဆန်တော်များ ဆက်ကပ်လောင်းလှူပူဇော်ပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က လွိုင်ကော်မြို့၊ မြို့နာမ်ရွှေစေတီတော် မြတ်ကြီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါမြို့လုံးကျွတ်ဆွမ်းဆန်တော်များ လောင်းလှူပူဇော်ပွဲသို့ လွိုင်ကော်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းပေါင်း (၅၁) ကျောင်း မှ သံဃာတော်(၄၀၃) ပါး၊ သာမဏေ (၅၅၅) ပါး၊ သီလရှင်ကျောင်း(၃)ကျောင်းမှ သီလရှင်(၁၂၆)ပါး စုစုပေါင်း သံဃာတော်၊ သီလရှင် (၁၀၈၄)ပါးတို့က မြို့နာမ်ရွှေစေတီတော်မြတ်ကြီး၏လက်ယာရစ်အတိုင်း လှည့်လှည်အပူဇော်ခံ ကြွရောက်တော်မူကြပြီး ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ဦးဆောင်သည့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လွိုင်ကော်တပ်နယ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အသီးသီးမှဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ မြို့ပေါ်ရပ်ကွက်များမှ စေတနာရှင်တိုင်းရင်းသား ပြည်သူအလှူရှင်များက သဒ္ဒါကြည်ဖြူစွာဖြင့် ဆွမ်းဆန်တော်များ၊ ဝတ္ထုငွေများ၊ ဆေးနှင့်လှူဘွယ်ပစ္စည်းများကို စုပေါင်းဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြကာ ပြည်နယ်အစိုးရအဖွဲ့က စေတနာရှင်အလှူရှင် ပြည်သူများအား စတုဒိသာများဖြင့် ဧည့်ခံခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)