ရခိုင်ရိုးရာ သျှစ်သောင်းမြှောက်ပွဲ (သဲပုံစေတီ) ပွဲတော်ကို စစ်တွေမြို့ကမ်းခြေ၌ ကျင်းပ

စစ်တွေ မတ်

ရခိုင်ရိုးရာ သျှစ်သောင်းမြှောက်ပွဲ (သဲပုံစေတီ) ပွဲတော်ကို စစ်တွေမြို့ ပွိုင့်ကမ်းခြေကမ်းခြေ၌ ယမန်နေ့ (တပေါင်းလပြည့်နေ့) နေ့လယ်ပိုင်းမှ စတင်ပြီးကျင်းပကြသည်။

သျှစ်သောင်းမြှောက်ပွဲ (သဲပုံစေတီ) ပွဲကို စစ်တွေမြို့၌ သာကီမဏ္ဍိုင် ရခိုင်ယဉ်ကျေးမှုအဖွဲ့မှ ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး စစ်တွေမြို့ပေါ်မှ ယဉ်ကျေးမှုအဖွဲ့များ၊ စစ်တွေမြို့နှင့် အနယ်နယ်အရပ်ရပ်မှ ပြည်သူများ လာရောက်ပါဝင်ဆင်နွှဲခဲ့ကြကြကြောင်း သိရသည်။

ရခိုင်လူမျိုးတို့သည် တပေါင်းလပြည့်နေ့၌ မြတ်စွာဘုရားရှင်အားရည်မှန်း၍ သဲပုံစေတီတည်ကာ ပူဇော်လေ့ရှိသည့် ရခိုင်တို့၏ရိုးရာဓလေ့တစ်ခုဖြစ်သည်။ သဲပုံစေတီတည်ခြင်းအားဖြင့် မြတ်စွာ ဘုရားရှင်၏ ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင်သော ဂုဏ်တော်ကိုပူဇော်ရာရောက်ခြင်း၊ သဲပုံစေတီတည်ခြင်းအားဖြင့် စပါးဆန်ရေများ ပွားများခြင်း၊ ဘေးအန္တရာယ်ကင်းဝေးခြင်း၊ ရာသီဥတုကောင်းမွန်ခြင်းနှင့် တိုင်း၊ ပြည်၊ မြို့ရွာအေးချမ်း သာယာခြင်းစသည့် အကျိုးကျေးဇူးများရရှိခြင်းတို့ကြောင့် ကျင်းပကြခြင်းဖြစ်ကြောင်း သိရသည်။

သျှစ်သောင်းမြှောက်ပွဲ (သဲပုံစေတီ) ပွဲတော်ကို တပေါင်းလပြည့်နေ့တွင် ဒီရေကျချိန်၌ လူကြီး၊ လူငယ်၊ လူလတ်များစုပေါင်း၍ လည်းကောင်း၊ အဖွဲ့လိုက်၊ အစုလိုက်၊ မိသားစုအလိုက်လည်းကောင်း သဲသောင်ပြင်တွင် ကျင်းပခြင်းဖြစ်ပြီး ရခိုင်သမိုင်းဝင် ဘုရားစေတီများနှင့် ပုထိုးတော်များ၏ ပုံတူများကို သဲများဖြင့် တည်ဆောက်ကာ တံခွန်၊ ကုက္ကား၊ ပန်းမာန်၊ ဆီမီးအမွှေးနံ့သာများဖြင့် ပူဇော်ကြခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ သျှစ်သောင်းမြှောက်ပွဲ (သဲပုံစေတီ) ပွဲတော်ကို စစ်တွေမြို့၌ ၂၀၀၅ ခုနှစ်မှစတင်ကာ စဉ်လာ မပြတ် ကျင်းပလျက်ရှိကြောင်း သိရသည်။

တင်ထွန်း