မယ်စဲ့မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် အထက(မယ်စဲ့) စာစစ်ဌာနအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

မယ်စဲ့ မတ် ၆

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို အ.ထ.က(မယ်စဲ့) စာစစ်ဌာန ဖွင့်လှစ်၍ ဖြေဆိုကျင်းပမည်ဖြစ်ရာ စာဖြေဌာနတွင် မီးဘေးလုံခြုံရေးနှင့် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းလတ်နှင့်အဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုနိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်စိုးနှင့် တာဝန်ရှိသူများက စာဖြေခန်းပြင်ဆင်ထားရှိမှု၊ ကြီးကြပ်ရေးမှူးရုံးခန်းနှင့် အရံစာဖြေခန်း ပြင်ဆင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဖြိုးမြတ်သူ နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့ကို လိုက်လံရှင်းလင်းပြသခဲ့သည်။

မယ်စဲ့မြို့နယ်တွင် ၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်စာမေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ ၂၈ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ လုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက နေ့စဉ်ကြီးကြပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဝတ်ရည် (ပြန်/ ဆက်)