ရန်ကုန် မတ် ၆
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ၂၀၂၃ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ အပ်နှင်းမဟာမင်္ဂလာ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ သာကေတမြို့နယ် တိပိဋကာလင်္ကာရစာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တအဂ္ဂသာမိ၊ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဗဟန်းမြို့နယ် ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက် စာချနာယကဆရာတော် မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တသုမင်္ဂလ၊ ဘွဲ့တံဆိပ်တော်ရဆရာတော်သံဃာတော်များ၊ သီလရှင် ဆရာကြီးများ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့်ဇနီး၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ သာသနာပြုဘွဲ့၊ သာသနာနုဂ္ဂဟဘွဲ့ရ လူပုဂ္ဂိုလ်များ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိ ကဓဇ၊ ဒွိပိဋကဓရ သာကေတမြို့နယ် တိပိဋကာလင်္ကာရစာသင်တိုက် ပဓာနနာယက ဆရာတော်ဘဒ္ဒန္တအဂ္ဂသာမိထံမှဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် မဟာသဒ္ဓမ္မဇောတိကဓဇ၊ မင်္ဂလာဒုံမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ နွယ်ခွေအရှေ့ရွာဦးကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တသောဘဏမှ သမ္မောဒနီယ ဩဝါဒကထာ မြွတ်ကြားချီးမြှင့်တော်မူသည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော် ကြီး(၄၆)ပါး၊ သီလရှင်ဆရာကြီး(၅)ပါး စုစုပေါင်း(၅၁)ပါးတို့အား ဘွဲ့တံဆိပ်တော်များ ဆက်ကပ် လှူဒါန်းခြင်းနှင့် သာသနာပြုဘွဲ့ရ လူပုဂ္ဂိုလ်(၃) ဦးနှင့် သာသနာနုဂ္ဂဟဘွဲ့ရ လူပုဂ္ဂိုလ်(၁၀)ဦး တို့ကို ဘွဲ့တံဆိပ် အပ်နှင်းခြင်းတို့ကို ဆောင်ရွက်ပြီး ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဗဟန်းမြို့နယ် ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် စာချနာယက ဆရာတော် မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တသုမင်္ဂလထံမှ အနုမောဒနာတရားနာယူ၍ ရေစက် သွန်းလောင်း အမျှပေးဝေကြသည်။
ထို့နောက် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းပြီး၊ ဘွဲ့တံဆပ်တော်ရ ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း၍ အခမ်းအနားကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ ဆက်)