ဘူးသီးတောင်မြို့ အမှတ်( ၂)ရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား

ဘူးသီးတောင် မတ် ၆

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့ အမှတ်(၂)ရပ်ကွက်၌ ယမန်နေ့ ညနေ ၅ နာရီခွဲက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဘူးသီးတောင်မြို့၊ အမှတ်(၂)မြို့မရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားနေကြောင်း တာဝန်သိပြည်သူတစ်ဦး၏ တယ်လီဖုန်းဖြင့် သတင်းပေးပို့ချက်အရ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိဦးထွန်းဝင်းနိုင်ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင် ၁၉ ဦး၊ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။

ဖြစ်စဥ်မှာ အိမ်ရှင် ဒေါ်ဘာရှီးအာလာ၏ အသက် (၄)နှစ်အရွယ် တူသားဖြစ်သူက  သွပ်မိုး၊ ဝါးထရံကာ၊ ပျဉ်ခင်းနေအိမ်အတွင်း နံရံတွင်ချိတ်ဆွဲထားသော ဓာတ်ပုံများအား မီးရှိုဆော့ကစားရာမှ ဝါးထရံသို့ကူး စက်လောင်ကျွမ်းခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် လူနေအိမ်၏အတွင်းဘက်နံရံနှင့် မျက်နှာကြက်အနည်းငယ် မီးလောင်ပျက်စီးခဲ့ကာ လူနှင့် တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ အိမ်ရှင်အား  ဘူးသီးတောင်မြို့မရဲစခန်းမှ အရေးယူဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

လှကျော်(ပြန်/ဆက်)