ငဖဲ မတ် ၅
မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် ပင်ဦးကျေးရွာသည် ငဖဲ-စေတုတ္တရာကားလမ်းဘေးတွင် တည်ရှိ၍ ဒေသခံတောင်သူများအနေဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် ဥယျာဉ်ခြံမြေစိုက်ပျိုးရေး လုပ်ငန်းများကို အဓိကထား လုပ်ကိုင်လျက်ရှိပြီး ရွာ၏အရှေ့ဘက်ကိုင်းမြေ ၁ ဧကတွင် မြေအောက်ရေကိုအသုံးပြု၍ ကညွတ်ပင်များ စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းပြီး မိသားစုစီးပွားရေး အဆင်ပြေလျက်ရှိကြောင်း ကညွတ်ပင်များ စိုက်ပျိုးရောင်းချသူ ပင်ဦးကျေးရွာမှ တောင်သူ ဒေါ်လဲ့လဲ့ဝင်းထံမှ သိရသည်။
ကညွတ်ပင်ကို စိုက်ပျိုးမည်ဆိုပါက ကညွတ်စေ့ကို တပို့တွဲလကုန် တပေါင်းလဆန်းတွင် ကညွတ်စေ့များကို အရင်ဦးစွာ ၇ ရက်ခန့်ရေစိမ်ပါ။ ထို့နောက် တစ်ပေပတ်လည်ခန့်ရှိသောဖွဲမီးသွေး ထည့်ထားသည့်အိတ်များတွင် အစေ့ကိုဖြူးပြီး သဲပါးပါးဖုံး၍ ရေဖြန်းပေးပါ။ ရက် ၂၀ခန့်အကြာတွင် အပင်ပေါက်လာပြီး ၆လက်မ ခန့် အရွယ်ရောက်မှ အပင်ပေါက်များကို ရွှေ့စိုက်လို့ရကြောင်း၊ ထွန်ရေးညက်အောင်ပြုပြင်ထားသောစိုက်ပျိုးမည့်မြေတွင် ဘောင်လုပ်၍ ပင်တန်း ၂ပေ၊ ပင်ကြား ၁ပေ ခန့်ကြားချစိုက်ပျိုး၍ ရေနိုင်နိုင်လောင်းပေးရကြောင်း၊ အပင်သက်တမ်း နှစ်နှစ်ခန့်တွင် ကညွတ် များ ထွက်လာပြီး ခူးချိုးလို့ရကြောင်း၊ နွေရာသီရောက်လာ၍ အပင်များဝါလာပါက ခုတ်၍ မီးရှို့ပစ်ရပြီး မြေဩဇာကျွေး နေ့စဉ်ရေလောင်းပေးလျှင် အစို့ပေါက်များထွက်လာ၍ ခူးချိုး ရောင်းချရကြောင်း၊ ကညွတ်တစ်ဆယ်သားလျှင် ငွေကျပ် ၁၀၀၀ မှ ၁၂၀၀ ထိရောင်းချရ၍ တစ်နေ့လျှင် ၇၀ ကျပ်သားမှ တစ်ပိသာထိ ခူးချိုးရောင်းချရကြောင်း၊ ကညွတ်ပင်များကို ခြံအတွင်း ဒသမ ၂၅ ဧကခန့် စိုက်ပျိုးထားရာ တစ်နှစ်လျှင် ရောင်းရငွေကျပ် ၁၈ သိန်းမှ သိန်း ၂၀ ထိရရှိကြောင်း၊ ကညွတ်များနှင့်ခြံထွက်သီးနှံများကို ငဖဲမြို့မဈေးတွင် နေ့စဉ်ရောင်းချရ၍ ပုံမှန်ဝင်ငွေရရှိကာ သားသမီးများ၏ပညာရေးကုန်ကျစရိတ် ကာမိပြီး စီးပွားရေးအဆင်ပြေကြောင်း ပင်ဦးကျေးရွာမှ ကညွတ်ရောင်းချသူ တောင်သူ ဒေါ်လဲ့လဲ့ဝင်းက ပြောကြားသည်။
ကညွတ်အစို့များကို စိုက်ပြီး(၂)နှစ်သားတွင် စတင်ရိတ်သိမ်းနိုင်ပြီး တစ်ဧကလျှင် ပိသာ ၃၀၀ မှ ၅၀၀ ခန့်ထိ ထွက်ရှိကြောင်း သိရသည်။ကညွတ်သည် အာဟာရဓါတ်ပြည့်ဝနေသော အပင်ဖြစ်၍ နေ့စဉ် စားသောက်သင့်သော ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်ပြီး အဆီပါဝင်မှုနည်းပါးကာ ကယ်လိုရီလည်း နည်းပြီး အရိုးသန်မာစေခြင်း၊ ရောင်ရမ်းမှုကိုလျော့ကျစေခြင်း၊ဆီးချိုရောဂါ၊ကင်ဆာရောဂါ၊ နှလုံးရောဂါတို့ကို ကာကွယ်နိုင်ခြင်း၊ အိုမင်းရင့်ရော်မှုကို နှေးကွေးစေခြင်း၊ ဆီးရွှင်စေခြင်း၊ အစာချေလမ်းကြောင်းအတွက် အကျိုးပြုခြင်း၊ ကင်ဆာဆဲလ်များကိုတိုက်ဖျက်ခြင်းနှင့် ကိုယ်ခံအား ကောင်းမွန်စေခြင်းစသည့် ကျန်းမာရေး အကျိုးကျေးဇူးများ လွန်တဲ့အတွက် စားသုံးသင့်သော ဟင်းသီး ဟင်းရွက်တစ်မျိုးဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)