စလင်း မတ်လ ၅
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် တောင်သူလယ်သမားများ စိုက်ပျိုးရေးနည်းစနစ်များနှင့် အိမ်တွင်းစီးပွားဖြစ် မြေသြဇာ ပြုလုပ်နည်းသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က စလင်းမြို့စိုက်ပျိုးရေးဦးစီးဌာနရုံး မြို့မကေစီခန်းမ၌ စိုက်ပျိုးရေး တက္ကသိုလ်ဆရာကြီး ဦးသိန်းဆုက ဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် စလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် စိုက်ပျိုးရေးအငြိမ်းစား ဦးစိန်လင်းက အဖွင့်အမှာစကားများ ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေး ဦးစီးအရာရှိ ဦးမြင့်လင်းက မြို့နယ်အတွင်းရှိ တောင်သူလယ်သမားများအတွက် လက်တွေ့စိုက်ပျိုးရေးနည်းစနစ်များနှင့် အိမ်တွင်းစီးပွားဖြစ် မြေသြဇာပြုလုပ်နည်း၊ နည်းပညာ သင်တန်းကို စိုက်ပျိုးရေးဦးစီးဌာန၊ မြိုမကေစီခန်းမဆောင်တွင် စိုက်ပျိုးရေးတက္ကသိုလ် ဆရာကြီး ဦးသိန်းဆုက သင်တန်းပို့ချသွားမည်ဖြစ်ရာ သင်တန်းသို့ တက်ရောက်လာကြသည့် တောင်သူဦးကြီးများအား စိုက်ပျိုးရေးနည်းစနစ်များနှင့် အိမ်တွင်းဖြစ် မြေသြဇာ ပြုလုပ်နည်း ပညာများကို စိတ်ဝင်တစား နားထောင်ကြည့်ရှုလေ့လာမှတ်သားကြရန် ပြောကြားသွားခဲ့သည်။ ထို့နောက် စိုက်ပျိုးရေးတက္ကသိုလ် ဆရာကြီး ဦးသိန်းဆုက အိမ်တွင်းဖြစ် မြေသြဇာများ (၁) ကိုယ့်အိမ်မှာကိုကိုယ်တိုင်ထုတ်လုပ်မည့် အီးအမ်၊ မြေသြဇာ (၂) နွားသေးအခြေခံမြေသြဇာများ (၃) ဘိုကာရှီမြေသြဇာ၊ (၄) ငါးအမိုင်နိုအက်စစ်၊ ပိုးမွှားရောဂါကာကွယ်ဆေးရည်များ (၅) တမာအခြေခံဆေးများ၊ ပိုးမွှားရောဂါကာကွယ်ဆေး (၆) မ ဆေးရွက်ကြီး-ငရုတ်သီးစိမ်း-ဂျင်း-ဒုတ္တာဆေး၊ ပိုးမွှားရောဂါကာကွယ်ဆေးများ (၇) စပါးခွံမီးခိုးပေါင်းခံရည်ဆေး ပိုးမွှားရောဂါ ကာကွယ်ဆေး (၈) ထုံးဒုတ္တာမှိုသတ်ဆေး (ဘော်ဒိုဆေး) (၉) ထုံးကန့်ဆေးရည် (လိုင်မင်ဆာလ်ဖာ) ဆေးပြုလုပ်ပုံသုံးစွဲပုံနည်းပညာ အမျိုးမျိုးတို့ကို မတ်လ(၄)နေ့မှ မတ်လ(၅)ရက်နေ့ထိ ၂ ရက်၊ကြာ ရက်တိုသင်တန်း ဖွင့်လှစ်ပို့ချသွားမည်ဖြစ်သည်။ သင်တန်းသို့ သင်တန်းသားသင်တန်းသူ (၁၁၀) ဦး တက်ရောက်ကြပြီး စိုက်ပျိုးရေးတက္ကသိုလ်မှ ဆရာကြီး ဦးသိန်းဆုနှင့်အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)