၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာမေးပွဲဖြေဆိုသူများ လိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲ ပြုလုပ်

ဇီးကုန်း မတ် ၅

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာမေးပွဲဖြေဆိုသူများ လိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲကို ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း (အ.ထ.က-ဇီးကုန်း)၌ ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သင်းရီနှင့် တက္ကသိုလ်ဝင် စာမေးပွဲ ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သင်းရီက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ အ.လ.က(မြောက်လွှတ်ကုန်း) ကျောင်းအုပ်ဆရာကြီး ဦးဇင်မင်းအောင်က အပြင်စောင့် တာဝန်၊ သန့်စင်ခန်းတာဝန်နှင့် ဂိတ်တာဝန်များနှင့် ပတ်သက်၍ လက်ထောက်ကြီးကြပ်ရေးမှူးများ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ရှင်းလင်းပြောကြားပြီး၊ အ.ထ.က- ဂွေးပင်ကုန် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သန်းဆွေက စာဖြေခန်းအတွင်းစောင့် လက်ထောက်ကြီးကြပ်ရေးမှူးများ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ရှင်းလင်း ပြောကြား၍ ကြီးကြပ်ရေးမှူး ဆရာမကြီးဒေါ်ခင်ဆွေဝင်း ဝင်ခွင့်ကတ်ပြားဆိုင်ရာ လမ်းညွှန်ချက်များနှင့် စာမေးပွဲဆိုင်ရာ လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လက်ထောက်ကြီးကြပ်ရေးမှူးများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ မြို့နယ်ပညာရေးမှူးနှင့် တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူးတို့က ပြန်လည်ရှင်းလင်းခဲ့သည်။

(အ.ထ.က-ဇီးကုန်း)စာစစ်ဋ္ဌာန၌ ကြီးကြပ်ရေးမှူးတစ်ဦးနှင့် လက်ထောက်ကြီးကြပ်ရေးမှူး(၄၅)ဦး၊ (အ.ထ.က-လေးမျက်နှာ) စာစစ်ဋ္ဌာန၌ ကြီးကြပ်ရေးမှူး တစ်ဦးနှင့် လက်ထောက်ကြီးကြပ်ရေးမှူး (၂၆)ဦး တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် (အ.ထ.က- လေးမျက်နှာ)စာစစ်ဋ္ဌာန၌လည်း ယမန်နေ့က ဆွေးနွေးခဲ့ကြောင်း သိရသည်။

မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဇီးကုန်းမြို့နယ်တွင် အ.ထ.က-ဇီးကုန်း စာစစ်ဋ္ဌာနနှင့် အ.ထ.က-လေးမျက်နှာစာစစ်ဋ္ဌာန၊ စာစစ်ဋ္ဌာန နှစ်ခု ဖွင့်လှစ်ထားရှိ၍ အ.ထ.က-ဇီးကုန်းတွင် ကျား ၁၁၆ ဦး၊ မ ၁၂၈ ဦး ပေါင်း (၂၄၄)ဦးနှင့် အ.ထ.က-လေးမျက်နှာတွင်  ကျား ၂၅ ဦး၊ မ ၃၆ ဦး၊ ပေါင်း  (၆၁)ဦး၊ စုစုပေါင်း (၃၀၅)ဦး ဖြေဆိုရန်လျှောက်လွှာတင်ထားကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)