စစ်တွေ မတ် ၅
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စစ်တွေမြို့ သန့်ရှင်းသာယာလှပရေးအတွက် ယမန်နေ့ နံနက်ပိုင်းက စစ်တွေမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအားလှည့်လည်ကြည့်ရှုအားပေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆေးရုံကြီး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးကြပြီး စစ်တွေမြို့၊ ပြည်သူ့ဆေးရုံကြီး၊ တိုးချဲ့လေးထပ်ဆောင်၊ အရေးပေါ်ပြင်ပ လူနာဌာန၌ ဆေးရုံအုပ်ကြီး ဒေါက်တာ ကြည်လွင်က ဆေးရုံဝန်းအတွင်း ဆေးကုသဆောင်များ တိုးချဲ့ဆောင်ရွက်ထားရှိမှု အခြေအနေ၊ တိုးချဲ့လေးထပ်ဆောင်တွင် ဆေးကုသဆောင်များ စီမံခန့်ခွဲထားရှိမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကာ ဆေးရုံကြီးနောက်ဘက်တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည် ကြည့်ရှုကြသည်။
စစ်တွေမြို့၊ ခုတင်(၅၀၀) ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီးတွင် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ နယ်မြေခံတပ်မတော်သားများ၊ ပရဟိတအဖွဲ့များက ဆေးရုံကြီးဝန်းအတွင်း စွန့်ပစ် အမှိုက်များ ကောက်ယူသိမ်းဆည်းခြင်း၊ မြက်ပင်များ၊ပေါင်ပင်များ၊ ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းများကို ဆောင်ရွက်ကြသည်။ ထို့ပြင် ရေမြောင်းများအတွင်းရှိ အမှိုက်သရိုက်များကို ရှင်းလင်းခြင်းများ၊ ဆေးရုံကြီး အနီးပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်။ အလားတူ စည်ပင်သာယာရေးအဖွဲ့ ကလည်း စွန့်ပစ်အမှိုက်များကို သိမ်းဆည်းပြီး အမှိုက်သိမ်းကားဖြင့် သိမ်းယူကာ သတ်မှတ်နေရာတွင် စနစ်တကျ စွန့်ပစ်ခဲ့ကြောင်းသိရသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သွားရောက်လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
တင်ထွန်း
(ပြန်/ဆက်)