လွိုင်ကော် မတ် ၅
ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အပတ်စဉ် (စနေနေ့) စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အတွင်းရှိ ဘုရားစေတီများ၊ ဘာသာရေးဆိုင်ရာ အဆောက်အ အုံများ၊ ဌာနဆိုင်ရာရုံးများ ၊ ဝန်ထမ်းအိမ်ရာများ ၊ စာသင်ကျောင်းများ နှင့် အများပြည်သူ အသုံးပြုသည့်နေရာများ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ၊ ဦးဇော်မျိုးတင် နှင့် တာဝန်ရှိသူများက လွိုင်ကော်မြို့ မြို့နာမ်စေတီတော်မြတ်ကြီးအား အများပြည်သူများ စိတ်ကြည်နူးအေးချမ်းစွာဖြင့် ဖူးမျှော်ကြည်ညိုနိုင်ရေးနှင့် သာဿနာ့ဗိမ္မာန်တော်ကြီး ပရိဝုဏ်အတွင်း ဘာသာရေးဆိုင်ရာ လုပ်ငန်းများကို စိတ်ချမ်းမြေ့စွာဖြင့် ကုသိုလ်ပြုဆောင် ရွက်နိုင်ရေးတို့အတွက် ဌာနဆိုင်ရာအသီးသီးရှိ ဝန်ထမ်းများနှင့်ပြည်သူများက ဘုရားပန်းများ ကပ်လှူပူဇော်ခြင်း၊ ဆီမီးခုံများ၊ တန်ဆောင်းများနှင့် ဘုရားစေတီများအတွင်း သန့်ရှင်း သာယာလှပစေရန် ၊ ရေသပ္ပာယ်ခြင်း ၊ အမှိုက်များရှင်းလင်းခြင်းတို့ဖြင့် စုပေါင်းကုသိုလ်ပြု သန့်ရှင်းရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
အလားတူ ပြည်နယ်အတွင်းရှိ ဘောလခဲ ၊ ဖားဆောင်းနှင့် မယ်စဲ့မြို့နယ်များတွင်လည်း ယနေ့နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဌာနဆိုင်ရာအသီးသီးရှိ ဝန်ထမ်းများနှင့် ပြည်သူများက စုပေါင်းဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)