ရွှေတောင် မတ် ၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်မှ အဖွင့်အမှာစကားပြောကြားပြီ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈)ရက်နေ့မှ စ၍ စတင်ဖြေဆိုမည်ဖြစ်ရာ စာမေးပွဲမေးခွန်းနှင့် အဖြေလွှာများ၏ လုံခြုံရေး၊ ဖြေဆိုစဉ် ကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မှုနှင့် ယာယီဆေးခန်းဖွင့်လှစ်မှု ဆောင်ရွက်ပေးနိုင်ရေး၊ စာမေးပွဲတွင် ကြီးကြပ်မည့် ဆရာ၊ ဆရာမများ၏ လုံခြုံရေးနှင့် သက်ဆိုင်ရာဘာသာရပ်အလိုက် ဖြေဆိုမည့်အချိန်ဇယား၊ ဖြေဆိုခွင့်ကတ်ပြားများတစ်ပါးတည်းယူဆောင်လာရေးတို့ကို တာဝန်ရှိ ဆရာ/ဆရာမများက ကြီးကြပ်ရေး၊ ကျောင်းသား၊ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုနိုင်စေရန်အတွက် လုံခြုံရေး၊ ကျန်းမာရေး၊ သဘာဝဘေးအန္တရာယ်မကျစေရေးအတွက် ကြိုတင်ဆောင်ရွက်ရမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး ရဲမှူးနိုင်စိုးမှ စာမေးပွဲအပြင်စည်းတွင် လုံခြုံရေးချထားနိုင်ရေးအစီအစဉ်များကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက်ရွှေတောင်မြို့နယ် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများပါဝင်သည့် လုံခြုံရေးအဖွဲ့များအား အသီးသီးတာဝန်ချထားပေးခဲ့ရာ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့များက မိမိတို့ဆောင်ရွက်ရမည့်အခြေအနေများကို မေးမြန်းဆွေးနွေးတင်ပြချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကိုကိုမင်း( ပြန်/ဆက်)