မင်းဘူးမြို့၌ ကျောင်းသား/ကျောင်းသူများ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်ဖွင့်လှစ်သည့် နွေရာသီရက်တို အားကစားနည်းသင်တန်းဆင်းပွဲကျင်းပ

မင်းဘူး မတ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူ များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်နှင့်ကျန်းမာကြံ့ခိုင်ပြီး အရည်အသွေးမြင့် အားကစားသမား ကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ဖွင့်လှစ်သည့် နွေရာသီရက်တို အားစကားနည်းသင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မင်းဘူးမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်၊ ခရိုင်အား/ကာမှူး ဒေါ်နှင်းယုဇံ၊ မြို့နယ်ပညာရေးမှူး ဒေါ်သွယ်သွယ်နှင့် ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက် ခဲ့ကြသည်။

ဦးစွာအခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက သင်တန်းဆင်းအမှာစကား ပြောကြားပြီး ကျောင်းသား/ကျောင်းသူများမှ သင်တန်းတွင် မိမိတို့သင်ယူတတ်မြောက်ခဲ့ကြသည့် ဘာသာရပ်များအလိုက် အကအလှ အစီအစဉ်များဖြင့် ဧည့်ခံဖျော်ဖြေတင်ဆက်ခဲ့ကြပြီးနောက် တာဝန်ရှိသူများက သင်တန်းတွင် ထူးချွန်ကျောင်းသားများနှင့် သင်တန်းနည်းပြများအား သင်တန်းဆင်းလက်မှတ်နှင့် ဂုဏ်ပြုဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

မြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများနှင့် လူငယ်လူရွယ်များ နွေရာသီအားလပ်ရက်တွင် မိမိတို့ ဝါသနာပါရာ သင်တန်းများကို ရွေးချယ်တက်ရောက်နိုင်စေရန် မင်းဘူးခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီရက်တိုသင်တန်းများကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်မှ မတ်လ ၄ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး အဆိုပါသင်တန်းတွင် ကဗျာလွတ်အက၊ မြန်မာ့သိုင်း၊ ကရာတေး၊ ဂျူဒို၊ ဝူရှူး၊ ဘတ်စကတ်ဘော၊ စားပွဲတင်တင်းနစ် အားကစားနည်းများနှင့် English Speaking ၊ Fitness Dance ၊ အခမ်းအနားမှူး သင်တန်းတို့ကို ကျွမ်းကျင်နည်းပြများဖြင့် စာတွေ့လက်တွေ့ စနစ်တကျ သင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)