ပုသိမ် မတ် ၄
(၆၁)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနား ဒုတိယနေ့အဖြစ် ဌာနဆိုင်ရာများနှင့်တောင်သူများ စုပေါင်း၍ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလုပ်ရုံဆွေးနွေးပွဲအား ယမန်နေ့နံနက်ပိုင်းက ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးအတွင်းရှိ တောင်သူများ တက်ရောက်ခဲ့ကြသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “တောင်သူလယ်သမားနေ့ အခမ်းအနားတွင် သီးနှံအမျိုးမျိုး၌ ပန်းတိုင်အထွက်နှုန်းရရှိသည့် တောင်သူများ၊ မွေးမြူရေးလုပ်ငန်းနှင့်ပတ်သက်၍ အောင်မြင်နေသည့် တောင်သူများက အခမ်းအနားသို့ တက်ရောက်လာသည့် တောင်သူများအား တစ်ဆင့်ပြန်လည်မျှဝေဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ မိုးစပါး၊ နွေစပါး အပါအဝင်စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးအတွက် အဆင့်လိုက်ရည်မှန်းချက်ထား ဆောင်ရွက်မည်ဖြစ်ရာ လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေးအဖြေရှာရန်လိုပါကြောင်း၊ တောင်သူများကလည်း တောင်သူများ၏ လက်တွေ့စိုက်ပျိုးနေမှု၊ ဌာနဆိုင်ရာများကလည်း ပံ့ပိုးဆောင်ရွက်ပေးရမည့် အရာများအား မည်သို့ဆက်လက်ဆောင်ရွက်ရမည်ကို ဆွေးနွေး အဖြေရှာရန်လိုပါကြောင်း၊ လာမည့်စိုက်ပျိုးရာသီတွင် မိုးစပါး၊ နွေစပါး လက်ရှိအထွက်နှုန်း ထက်တစ်ဧက(၁၀)တင်းနှုန်း ပိုမိုထွက်ရှိရန်အတွက် စိုက်ပျိုးရေးထုတ်လုပ်မှုတိုးတက် မြင့်မားရေးကြီးကြပ်မှုကော်မတီ အဆင့်ဆင့်မှကြပ်မက်ဆောင်ရွက်ရန်လိုကြောင်း၊ ပိုက်ဆံလျှော်ထည့်သွင်းစိုက်ပျိုးရေးကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုပါကြောင်း၊ စိုက်ပျိုးရေလုံလောက်စွာရရှိရေး အတွက်ဆောင်ရွက်ရန်လည်းလိုပါကြောင်း၊ မွေးမြူရေးတောင်သူများအနေဖြင့် မိရိုးဖလာမွေးမြူရေးစနစ်မှ အဆင့်မြင့်နည်းပညာသုံး မွေးမြူရေးစနစ်ကိုလည်း စနစ်တကျမွေးမြူ အကောင်အထည်ဖော် ဆောင်ရွက်ကြရန်လည်း လိုပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန ဒုတိုင်းဦးစီးမှူးမှ အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးမည့်ခေါင်းစဉ်များအလိုက် အကျယ်တဝင့်ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့ရေးနှင့် တန်ဖိုးမြှင့် ထုတ်ကုန်တိုးချဲ့ထုတ်လုပ်နိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ စိုက်ပျိုးမွေမြူရေးလုပ်ငန်းများမှ စွန့်ပစ်ပစ္စည်းများအား မြေသြဇာထုတ်လုပ် အသုံးပြုနိုင်ရေး၊ ငါးမွေးမြူရေးလုပ်ငန်းများမှ အများစားသုံးနိုင်သည့် ငါးမျိုးစိတ်များ မွေးမြူဆောင်ရွက်နိုင်ရေးနှင့် ရှားပါးငါးမျိုးစိတ်များအား သားဖောက်မွေးမြူခြင်း လုပ်ငန်းများ၊ ဒေသထွက်ကုန်ကြမ်းများမှ တိရစ္ဆာန်အစားအစာများ ထုတ်လုပ်နိုင်ရေး ထည့်သွင်းဆွေးနွေးစေရေးနှင့် စိုက်ပျိုးမွေးမြူရေးထွက်ကုန်များကို အခြေခံ၍ ကုန်ချောထုတ်လုပ်နိုင်သည့် စက်ရုံအလုပ်ရုံများထွက်ပေါ်လာစေရေး ကြိုးစား ဆောင်ရွက် စေရေးနှင့်တောင်သူများအတွက် အမှန်တကယ် အကျိုးရှိသည့်ဆွေးနွေးပွဲ ရလဒ်များ ထွက်ပေါ်လာစေရေး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။
ထို့နောက် အလုပ်ရုံဆွေးနွေးများအား ဆက်လက်ပြုလုပ်ရာ တစ်ဧက(၁၀)တင်းနှုန်း ပိုမိုထွက်နိုင်မည့် ရေမြေသဘာဝရွေးချယ်ခြင်း၊ အထွက်မျိုးကောင်းမျိုးများ ပြောင်းလဲစိုက်ပျိုးခြင်း၊ မျိုးကောင်း၊ မျိုးသန့်များ ပြောင်းလဲစိုက်ပျိုးခြင်း၊ သွင်းအားစုများ ထည့်သွင်းအသုံးပြုခြင်း၊ ထုံးထည့်သွင်းခြင်း၊ တစ်သီးမှနှစ်သီး၊ နှစ်သီးမှ သုံးသီးစိုက်သို့ ပြောင်းလဲစိုက်ပျိုးရေး အစရှိသည့် ခေါင်းစဉ်အသီးသီးဖြင့် ဌာနဆိုင်ရာများနှင့် တောင်သူများက အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး စားပွဲဝိုင်းအလိုက် ဆွေးနွေးရရှိသည့် ရလဒ်များအား စုစည်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် အားနည်းချက် အားသာချက်များအား ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)