အမာ မတ် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ မြို့အုပ်ချုပ်ရေးမှူး၊ မီးသတ်ဦးစီးဌာန၊ လျှပ်စစ်ဦးစီးဌာနတို့မှ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများမီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်(၇)နာရီခွဲအချိန်က ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်စေရန်နှင့် မီးဘေးအန္တရာယ်ဖြစ်ပေါ်မှု မရှိစေရေးတို့အတွက် အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးပြည့်စုံဝင်း၊ မီးသတ်ဦးစီးဌာန၊ တပ်ကြပ်ကြီး ဦးကျော်ထွန်းနိုင်နှင့် မီးသတ် တပ်ဖွဲ့ဝင်များ၊ လျှပ်စစ်ဦးစီးဌာနမှ လိုင်းတာဝန်ခံဦးဇော်နိုင်၊ ဆက်သွယ်ရေးတာဝန်ခံ ဦးလွှမ်းဇော်မိုးသူတို့က တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် အ.ထ.က(အမာ)စာစစ်ဌာနရှိ စာဖြေခန်းများတွင် မီးကြိုးများ တပ်ဆင်ထားမှုအခြေအနေ၊ မီးသတ်ဆေးဘူးထားရှိမှု၊ ကျောင်းဝင်းအတွင်း ရေကန်များ ရေဖြည့်သွင်းထားရှိမှု၊ အမှိုက်သရိုက်များအား စနစ်တကျ ရှင်းလင်းထားရှိမှု၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများ ထားရှိမှုတို့ကို မီးသတ်ဦးစီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိစေရေး ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေးရာတွင် အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး၊ တာဝန်ရှိဌာနဆိုင်ရာများနှင့်အတူ ပညာရေ းဌာနမှတာဝန်ရှိသူ ဆရာမများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အမာ(ပြန်/ဆက်)