ဆင်ပေါင်ဝဲ မတ် ၄
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ကျောက်ချက်ကျေးရွာတွင် ဖေဖော်ဝါရီ ၂၄ရက်နေ့က ဖြစ်ပွားခဲ့သည့် မီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့သည့် ပြည်သူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးကုသပေးခြင်းနှင့် ထောက်ပံ့
ပစ္စည်းများကို ယမန်နေ့ နေ့လည်ပိုင်းအချိန်က အဆိုပါကျေးရွာ၌ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီ ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများသည် မီးဘေးသင့်ခဲ့သည့် ကျောက်ချက်ကျေးရွာသို့ ရောက်ရှိ၍ မီးဘေးသင့်အိမ်ထောင်စုများအား သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးတိုး၊ ဆီးချို စစ်ဆေးပေးခြင်းနှင့် အခြားရောဂါများ အခမဲ့ စစ်ဆေးပေးခဲ့ပြီး မီးဘေးသင့် ပြည်သူများအား လက်ဝယ်အရောက် ဆေးစိမ်ခြင်ထောင်များနှင့် အိမ်သုံးဆေးဝါးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)