ကြို့ပင်ကောက် မတ် ၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် နွေစပါးစိုက်တောင်သူများ ပန်းတိုင်အထွက်းနှုန်းထက် ပိုမိုထွက်ရှိစေရေးအတွက် မြို့နယ်စိုက်ညှိအဖွဲ့ဝင်များက မြေပြင်ကွင်းဆင်း အသိပညာပေးဆောင်ရွက်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ မတ်လ ၃ ရက်နေ့က ကြို့ပင်စခန်းကျေးရွာ မူလတန်းကျောင်းတွင် တောင်သူများနှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပန်းတိုင်းအထွက်နှုန်း ထက်ပိုမို ထွက်ရှိစေရေးအတွက် စိုက်ပျိုးရမည့်နည်းစနစ်များ ဓါတ်မြေဩဇာနှင့် မြေဆီတို့သုံးစွဲရမည့် နည်းစနစ်များကို အသိပညာပေးဆွေးနွေးခဲ့ပြီး ဆည်မြောင်းဌာနနှင့် စိုက်ညှိအဖွဲ့မှ တာဝန်ရှိသူများက တောင်သူများ၏လယ်မြေများ ရေရရှိမှုအခြေအနေများ မြေပြင်ထွန်ယက်မှု အခြေအနေများအား ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး မြေပြင်ကွင်းဆင်း ကြည့်ရှု့စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ကြို့ပင်ကောက်မြို့တွင် နွေစပါးအား ၇၅၆၃ ဧကထက်ကျော်လွန်၍ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မတ်လ(၁)ရက်နေ့မှ စ၍ ဆည်မြောင်းဦးစီးဌာနမှ ရေစတင်ပို့လွှတ်ပေးခဲ့ရာ အစေ့ချစိုက်ပျိုးရန်အတွက် ၁၄ ဧကနှင့် ကြဲခင်းဆောင်ရွက်ရန် ၁၆ ဧက စုစုပေါင်း ဧက ၃၀ စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)