နတ်မောက်မြို့နယ် မီးဘေးကြိုတင်ကာကွယ်နိုင်စေရန် မီးငြိမ်းသတ်နည်းလက်တွေ့သရုပ်ပြ

နတ်မောက် မတ် ၄

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မီးသတ်တပ်ဖွဲ့မှဦးဆောင်၍ လောင်စာဆီရောင်းချသူများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန် မီးငြိမ်းသတ်နည်း လက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီခွဲ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့တွင်ပြသဆောင်ရွက်ခဲ့သည်။

အဆိုပါ မီးငြိမ်းသတ်နည်းလက်တွေ့သရုပ်ပြသရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ လောင်စာဆီ ရောင်းချသည့် ဆီလုပ်ငန်းရှင်များတက်ရောက်ခဲ့ကြပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးအရာရှိဦးဌေးမော်နှင့် တပ်ဖွဲ့ဝင်များက မီးလောင်ကျွမ်းမှုဖြစ်ပေါ်လာပါက မီးငြိမ်းသတ်ရန် နည်းလမ်းများ မီးသတ်ဆေးဘူးအသုံးပြုပုံ၊ အရေးပေါ် မီးငြိမ်းသတ်နည်းများ၊ လောင်စာဆီမီးလောင်မှုဖြစ်ပွားပါက  မီးသတ်ယာဉ်ဖြင့် လက်တွေ့မီးငြိမ်းသတ်မှုအား လက်တွေ့ ပြသခဲ့ပြီး မီးဘေးအန္တရာယ်ကင်းဝေးစေရန် ရှောင်ရန်/ဆောင်ရန်နည်းလမ်းများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

လှဝင်း