ကသာ မတ် ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် စာစစ်ဌာန ဖွင့်လှစ်ထားသည့် အထက(၁) ကျောင်းနှင့် အထက(၂)ကျောင်းတို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံမှုစစ်ဆေးအကြံပြုခြင်း လုပ်ငန်းကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးအောင်ဖြိုးသူနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်ဦးစီးမှူး ဦးဇော်ဇော်ဦးနှင့် တာဝန်ရှိသူများက မီးဘေးအန္တရာယ် မဖြစ်ပွားစေရေး၊ မီးသတ်ဆေးဗူးများ၊ မီးသတ်ရေပုံးများ၊ မီးချိတ်၊ မီးကပ်များ၊ မီးသဲများ၊ ရေကန်များ၌ ရေများဖြည့်တင်းထားရှိရေး၊ လျှပ်စစ်မီးသွယ်တန်းထားသော လျှပ်စစ်ဝါယာ ကြိုးများ ဟောင်းနွမ်းဆွေးမြေ့ ပေါက်ပြဲမှုရှိမရှိ၊ မီးခလုပ်၊ မီးသီး၊ မီးချောင်းများကို စနစ်တကျ မီးငြှိမ်းသတ်စေရန်နှင့် မတော်တဆ မီးဘေးအန္တရာယ်ဖြစ်ပွားပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အမြန်ဆုံးဆက်သွယ် ဆောင်ရွက်ပေးကြရန် စသည်တို့ကို ကွင်းဆင်းစစ်ဆေး အကြံပြုမှာကြားခဲ့ကြောင်း သိရသည်။
ကသာမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၂)ခု ဖွင့်လှစ်ဆောင်ရွက်ထားပြီး ကျောင်းသား/ကျောင်းသူ (၇၂၉)ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(ကသာ)