ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကနေရပ်ပြန်မည့် ပုဏ္ဏားကျွန်း မြို့နယ် စက်မှုဇုန်ယာယီခိုလှုံရာစခန်းမှ ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်

စစ်တွေ မတ် ၄

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စက်မှုဇုန်ယာယီခိုလှုံရာစခန်းတွင် နေထိုင်ကြသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျေးရွာ(၄)မှ ပြည်သူများနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကျေးရွာတစ်ရွာတို့မှ နေရပ်ပြန်ကြမည့် ဒေသခံပြည်သူများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ငွေနှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့၊ စက်မှုသင်တန်းကျောင်း၌ပြုလုပ်ရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ယာယီခိုလှုံရာစခန်းတွင် နေထိုင်ကြသည့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ယာယီနေရပ်စွန့်ခွာစခန်းတွင် နေထိုင်ရခြင်းသည် မိမိတို့ ရပ်ရွာတွင် နေထိုင်ကြသကဲ့သို့ ပျော်ရွှင်မှုများ ရရှိကြမည်မဟုတ်ပါကြောင်း၊ မိမိတို့သဘောဆန္ဒအလျောက် မူလနေရပ်များသို့ ပြန်လည်နေထိုင်ရန် သဘောဆန္ဒရှိခြင်းသည် မိမိတို့သား၊ သမီးများ၏ ပညာရေး၊ ကျန်းမာရေးနှင့် နေထိုင်စားသောက်ရေးနှင့်အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးအတွက် အလွန်ကောင်းမွန်သည့် ဆုံးဖြတ်ချက်ဖြစ်ကြောင်း၊ မိမိတို့မူရင်းဒေသတွင် အခြေချနေထိုင်နိုင်ရန်အတွက် မိမိတို့အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည်များကို ထောက်ပံ့ပေးသွားကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ အိမ်ထောင်စုတစ်စုလျင် ငွေကျပ် ၅ သိန်းနှုန်းဖြင့် အိမ်ထောင်စု (၁၄၀) စုအတွက် ထောက်ပံ့သည့် ငွေကျပ်သိန်း ၇၀၀ အားလည်းကောင်း၊ တိုင်းမှူးက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ထောက်ပံ့သည့်ငွေကျပ်သိန်း ၁၄၀ အားလည်းကောင်း၊ ပြည်နယ်ဝန်ကြီး များက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့သည် လူတစ်ဦးလျှင် ဆန်ရိက္ခာ တစ်လစာလူဦးရေ ၅၃၂ အတွက် ထောက်ပံ့ငွေ ၄၇၈၈၀၀၀ အားလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနကထောက်ပံ့သည့် လူသုံးကုန်ပစ္စည်း ၁၇ မျိုးပါ Family Kit ၁၄၀ ပုံတို့ကို ပေးအပ်ကြရာ စခန်းတာဝန်ခံနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နေရပ်ပြန်ကြမည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကားပြောကြားကြသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ စက်မှုဇုန်ယာယီခိုလှုံရာစခန်းတွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေး ရွာ၊ သာစည်ကျေးရွာ၊ ဒိုးတန်းကျေးရွာ၊ ပိန္နဲတောကျေးရွာနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ နှမဒါကျေးရွာတို့မှ အိမ်ထောင်စု ၁၄၀ စု၊ လူဦးရေ ၅၃၂ ဦးတို့မှာ ၎င်းတို့၏သဘောဆန္ဒ အလျောက် မူလနေရပ်များသို့ ပြန်လည်နေထိုင်လိုသဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ငွေများ၊ ထောက်ပံ့ပစ္စည်းများပေးအပ်ပြီး မော်တော်ယာဉ်များဖြင့် ကျေးရွာအရောက်ပို့ဆောင်ပေးခြင်းကြောင့် စက်မှုဇုန်ယာယီခိုလှုံရာစခန်းအား ပိတ်သိမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)