ဆင်ပေါင်ဝဲ မတ် ၄
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့ နံနက် ၈ နာရီခွဲ အချိန်က ဆင်ပေါင်ဝဲမြို့ အမှတ်(၂)ရပ်ကွက်ရှိ နေအိမ်များ၊ လက်ဖက်ရည်ဆိုင်များသို့ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြသည်။
ထို့သို့ ဆောင်ရွက်ရာတွင်လက်ထောက်မီးသတ်ဦးစီးမှူး ဦးချစ်ထွေး ဦးဆောင်၍ တပ်ဖွဲ့ ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်းအဖွဲ့များက အမှတ်(၂)ရပ်ကွက်အတွင်းရှိ နေအိမ်များ၊ လက်ဖက်ရည်ဆိုင်များသို့သွားရောက်၍ ပြည်သူများအနေဖြင့်မြို့နယ်အတွင်း မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များဆုံးရှုံးမှုမရှိစေရေးအတွက် မီးကိုစနစ်တကျအသုံးပြုစေရေး၊ လျှပ်စစ်မီးသုံးစွဲသူများအနေဖြင့် မိမိတို့နေအိမ်အတွင်း သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုးများအား အရည်အသွေးကောင်းမွန်သော အမျိုးအစားများ သုံးစွဲကြပါရန်နှင့် ထင်းမီးဖိုဖြင့် ထမင်း၊ ဟင်း ချက်ပြုတ်သူများအနေဖြင့် မီးကျွင်းမီးကျန်များကို စနစ်တကျမီးငြှိမ်းသတ်စေရန်၊ မီးသတ် ဆေးဘူး၊ မီးသတ်ရေပုံးများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ အသင့်ထားရှိရန် လိုအပ် ကြောင်း၊ မတော်တဆမီးလောင်မှုဖြစ်ပွားပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အမြန်ဆုံး ဆက်သွယ်ဆောင်ရွက်ပေးကြရန် စသည့်တို့ကို ကွင်းဆင်းစစ်ဆေး အကြံပေးခဲ့ကြကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)