မုံရွာခရိုင်ဦးစီးမှူးရုံး ဝန်ထမ်းများနှင့်တောင်သူများ မုံရွာမြို့ ချင်းတွင်းမြစ်ကမ်းဘေး ဟင်းသီး/ ဟင်းရွက်နှင့် စားဖိုဆောင် သီးနှံစံပြ စိုက်ခင်းသို့ ကွင်းဆင်းလေ့လာ

မုံရွာ မတ် ၄

မုံရွာခရိုင်ဦးစီးမှူးရုံး ဝန်ထမ်းများနှင့် တောင်သူများပူးပေါင်းပြီး အိုးဘိုတောင်ရပ်ကွက် ချင်းတွင်းမြစ်ကမ်းဘေးတွင် စိုက်ပျိုးထားရှိသော ဟင်းသီး/ဟင်းရွက်နှင့် စားဖိုဆောင်သီးနှံ စံပြစိုက်ခင်းသို့ ယမန်နေ့နံနက်ပိုင်းက မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန်းစန်းမြင့် ဦးဆောင်၍ ခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများနှင့် မုံရွာမြို့နယ်မှ တောင်သူများ သွားရောက်ကွင်းဆင်းလေ့လာ ခဲ့သည်။

အဆိုပါ စံပြ စိုက်ခင်းသို့သွားရောက်လေ့လာရခြင်းနှင့်စပ်လျဉ်းပြီး ခရိုင်ဦးစီးမှူး ဒေါ်စန်းစန်းမြင့်က ဝန်ထမ်းများကိုယ်တိုင် မိမိတို့နေအိမ်ဝန်းအတွင်းနှင့် ရုံးဝန်းအတွင်း တစ်နိုင်တစ်ပိုင်စိုက် ပျိုးနိုင်စေရန် တောင်သူများမှလည်း မိမိတို့နေအိမ်ခြံဝန်းအတွင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိစေရန် ရည်ရွယ်လေ့လာခြင်းဖြစ်ပါတယ်ဟု ပြောကြားသည်။

စိုက်ခင်းတွင် ဟင်းသီး/ဟင်းရွက်နှင့် စားဖိုဆောင်သီးနှံများဖြစ်သော ငရုတ်၊ ကြက်သွန်၊ ခရမ်း၊ ကန်စွန်း၊ ခရမ်းချဉ်၊ ချဉ်ပေါင်၊ ရုံးပတီး၊ မုန်ညှင်း၊ ဘူး၊ ခဝဲ၊ ကြက်ဟင်းခါး၊ ပဲလင်းမြွေ၊ နံနံ၊ ခါကြက်ဥ၊ သစ္စာပန်းများ စိုက်ပျိုးထားရှိမှုကို ကွင်းဆင်းသွားရောက် လေ့လာခဲ့ကြပြီး တောင်သူများအပါအဝင် စိတ်ပါဝင်စားသော စိုက်ပျိုးရေးပညာရှင် ဝန်ထမ်းများ၏ သိရှိလိုသည် များကိုလည်းကောင်း၊ လက်ရှိ စိုက်ပျိုးထားရှိသော ဟင်းသီး/ဟင်းရွက်နှင့် စားဖိုဆောင်သီးနှံများ၏ ကုန်ကျစရိတ်နှင့် ဝင်ငွေရရှိမှု အကျိုးအမြတ်များကိုလည်းကောင်း အသီးသီးမေးမြန်းမှုများအပေါ် မြို့နယ်ဦးစီးမှူးရုံးမှ  စိုက်ခင်း တာဝန်ခံ ဦးဖြိုးဝေ (ဒု-ဦးစီးမှူး)က အသေးစိတ် ရှင်းလင်းဖြေကြားပေးခဲ့သည်။

အဆိုပါစံပြစိုက်ခင်းသို့ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၂၆)ဦးနှင့် တောင်သူ(၁၅) ဦးတို့သွားရောက် လေ့လာခဲ့ခြင်းကြောင့် ဝန်ထမ်းများနှင့်တောင်သူများအနေဖြင့် မိမိတို့နေအိမ်ခြံဝန်းအတွင်း နှင့်ရုံးဝန်းအတွင်း တွင်တစ်ပိုင်တစ်နိုင် စိုက်ပျိုးလာကြခြင်း ဖြင့် ကျန်းမာရေးနှင့် ညီညွှတ်ပြီး ဓာတု ကင်းလွတ်သော ဘေးအန္တရာယ်ကင်းရှင်းသည့် သီးနှံများစားသုံးနိုင်ခြင်း၊ ဝန်ထမ်းသက်သာ ချောင်ချိရေးဆောင်ရွက်ပေးနိုင်ခြင်း၊ ပိုလျှံနေသည့် သီးနှံများကိုလည်း အခြားဌာနများသို့ ဝေငှပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများခံစားရမည်ဖြစ်ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)