အထက်မင်းလှ မတ် ၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့ဇေယျာသီရိဈေး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းများကို ယမန်နေ့နေ့လယ်(၃)နာရီက ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ၊ မြို့နယ်သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဈေးသူဈေးသားများတက် ရောက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်စိုးလင်းက ဈေးအတွင်းရှိ ဈေးတန်းများစာသောက်ဆိုင်များတွင် မီးများစနစ်တကျသုံးစွဲရန်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ထားရှိရန်၊ မီးသတ်ဆေးဘူးများထားရှိရန်၊ မီးမလောင်ခင်ဆောင် ရွက်ရမည့်နည်းများနှင့် မီးလောင်လျင်ဆောင်ရွက်ရမည့်နည်းလမ်းများကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက စျေးအတွင်းရှိ ဈေးသူဈေးသားများအား မီးသတ်ဆေးဘူးအသုံးပြုနည်းများနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းကို သရုပ်ပြဆောင်ရွက်ခဲ့ပြီး မြို့မဈေးအတွင်း မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး မီးငြိမ်းသတ်ယာဉ်နှစ်စီးဖြင့် ဇာတ်တိုက်လေ့ ကျင့်ခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှု ဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များသည် ဇေယျာသီရိဈေးအတွင်း၌ မီးဘးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ ကြကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)