ရခိုင်ပြည်နယ် မောင်တောမြို့၌ စာစစ်ဌာနပြုလုပ်မည့် စာသင်ကျောင်းများအား  မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

မောင်တော မတ် ၄

ရခိုင်ပြည်နယ် မောင်တောမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲပြုလုပ်မည့် စာသင်ကျောင်းများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် စာသင်ကျောင်းများအား မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို မြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၉ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးအောင်နိုင်ဖြိုးဦးဆောင်၍ တပ်ဖွဲ့ဝင်များက  စာသင်ကျောင်းများတွင် မတော်တဆ မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် ဆုံးရှုံးမှုမရှိစေရေးအတွက်  မီးကို  စနစ်တကျအသုံးပြုစေရေး၊  အမှိုက်သရိုက်များအား  စနစ်တကျ စွန့်ပစ်ရေး၊ လျှပ်စစ်မီး အသုံးပြုပါက မိမိတို့ကျောင်းများရှိ လျှပ်စစ်ဝါယာ ကြိုးများ ပေါက်ပြဲမှုရှိမရှိ၊ လျှပ်စစ်ဝါယာကြိုးများ၊ မီးပလက်ပေါက်များ ဟောင်းနွမ်းနေပါကလည်း သက်ဆိုင်ရာ လျှပ်စစ်ဝန်ထမ်းများဖြင့် လဲလှယ်တပ်ဆင် အသုံးပြုစေရေး၊ ရှေးဦး  မီးသတ်ဆေးဘူးနှင့် ရေစုကန်များ၌ ရေများဖြည့်တင်းကာ အသင့်ထားရှိရန် လိုအပ်ကြောင်းနှင့် မတော်တဆမီးလောင်မှု ဖြစ်ပွားပါကလည်း သက်ဆိုင်ရာမီးသတ်ဦးစီးဌာနသို့ ချက်ချင်းသတင်းပေးပို့ကြပါရန် ကွင်းဆင်းစစ်ဆေး အကြံပြု လမ်းညွန်မှာကြားခဲ့ကြကြောင်း သိရသည်။

အောင်ကျော်စိန်၊ သက်လွင်စိုး(ခရိုင်ပြန်/ဆက်)