အမ်းမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

အမ်း မတ် ၄

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းညှှိနှိုင်းအစည်းအဝေးကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အတွင်းမှ စီးပွားရေးလုပ်ငန်းရှင်များတက်ရောက်၍ ယနေ့နေ့လယ်(၁၁)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်က နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းဆိုင်ရာ (SME)အခြားကုန်ထုတ်လုပ်ငန်းအသင်းကော်မတီဖွဲ့စည်းရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆားလုပ်ငန်း၊ နှစ်ရှည်သီးနှံစိုက်ပျိုးရေးနှင့် အခြားလုပ်ငန်းရှင်များအတွက် အတိုးနှုန်းချိုသာစွာ ချေးငွေရရှိရေးတင်ပြရန်၊ (SME)အခြား ကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်နိုင်ရန်၊ တစ်ပိုင်တစ်နိုင်စီးပွားရေးကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လုပ်ငန်းလိုင်စင်နှင့် သက်ဆိုင်ရာဌာနများမှ အသိအမှတ်ပြုလက်မှတ်များ ဆောင်ရွက်ထားရှိရန်၊ စိုက်ပျိုးရေးလုပ်ငန်းအတွက် ဂါယ်လောင်းကျေးရွာအုပ်စုရှိ မရမ်းလေးဆည်အား အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်တို့ကို ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များက မြစိမ်းရောင်စီမံကိန်းမှ အသေးစား၊ အကြီးစား စက်မှုလုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်နေမှုအခြေအနေ၊ နွား/ဆိတ် မွေးမြူရေး လုပ်ငန်းကဏ္ဍ၊ ရေထွက်လုပ်ငန်းဖြစ်သည့် ဂဏန်းမွေးမြူရေး၊ ပုဇွန်မွေးမြူရေး၊ ငပိစက်ရုံ လုပ်ငန်းကဏ္ဍ၊ နှစ်ရှည်သီးနှံ သီဟိုလ်/ရာဘာ စိုက်ပျိုးရေးလုပ်ငန်းများအပေါ်တွင် အောင်မြင်အောင်လုပ်ကိုင်နိုင်မှု အခြေအနေ၊ လုပ်ငန်းများတစ်ခုခြင်းအလိုက် အစုအဖွဲ့များ စုဖွဲ့၍ ပေါင်းစပ်လုပ်ကိုင်နိုင်ရန်၊ လုပ်ငန်းများပိုင်ဆိုင်မှု ရှိစေရန်တို့ကိုဆွေးနွေး တင်ပြ ခဲ့ကြသည်။

စိုးမင်းထွန်း