စစ်တွေ မတ် ၄
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပုဏ္ဏားကျွန်းမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား လောကမာရဇိန်ဘုရားကြီးသာသနာ့ဗိမာန်တော်၌ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအား ကြည့်ရှု အားပေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဆေးတပ်ဖွဲ့ဝင်များက ဆေးကုသမှုခံယူရန် ရောက်ရှိနေကြသည့် ဒေသခံပြည်သူများအား ဆေးကုသရန် လိုအပ်သောစာရင်းများ ကောက်ယူနေမှု၊ စမ်းသပ်စစ်ဆေးနေမှုများကို လှည့်လည်ကြည့်ရှု အားပေးကြ သည်။ ဆက်လက်၍ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အထူးကုဆရာဝန်ကြီးများ၊ သမားတော်ကြီးများ၊ ဆေးတပ်ဖွဲ့ဝင်များက ဆေးကု သပေးနေမှုအားလှည့်လည်ကြည့်ရှုအားပေးကြကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆေးကုသမှုခံယူရန် ရောက်ရှိလာကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများကို ပေးအပ်ခဲ့ကြသည်။
တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့တွင် အထူးကုပါရဂူ၊ သမားတော်ကြီးများ ဦးဆောင်သည့် အထူးကုဆရာဝန်ကြီးများက မတ်လ ၂ ရက်နေ့တွင် ဒေသခံ ပြည်သူ ၅၀၀ ဦးတို့ကို မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ နား၊ နှာခေါင်း လည်ချောင်းစသည့် ရောဂါတို့ကို ECG နှင့်အမ်ထရာဆောင်းစက်တို့ဖြင့် ရောဂါရှာဖွေ စမ်းသပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ယနေ့တွင်လည်း ဆေးဝါးကုသမှုများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆေးကုသမှုပေးရာတွင် နယ်မြေခံတပ်မတော်သားများ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်စံဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ် ကြက်ခြေနီအသင်း၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် စေတနာ့ဝန်ထမ်းများ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့တို့က လိုအပ်သည့်နေရာများတွင် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)