ကသာ မတ် ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်တွင် ၂၀၂၃ ခုနှစ်၊ မတ်လ၊ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က အဖွင့်အမှာစကား ပြောကြားရာ၌ ကသာခရိုင်အတွင်းရှိ မြို့နယ်များ၌ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများအနေဖြင့် ပူးပေါင်း ဆောင်ရွက်ပေးရမည့်ကိစ္စများကို ရှင်းလင်းဆွေးနွေး ကြရန်ပြောကြားသည်။ ထို့နောက် ခရိုင်ပညာရေးမှူး ဦးကျော်ဌေးဝင်းက ကသာခရိုင်တွင် မြို့နယ်(၄)မြို့နယ် ရှိသည့်အနက် ဗန်းမောက်မြို့နယ်အနေဖြင့် နယ်မြေဒေသအခြေအနေအရ ကသာမြို့နယ်တွင် စာစစ်ဌာန(၁)ခု ဖွင့်လှစ်ဖြေဆိုမည်ဖြစ်ကြောင်း၊ ကသာမြို့နယ် အနေဖြင့် စာစစ်ဌာန(၂)ခု၊ ထီးချိုင့်မြို့နယ် အနေဖြင့် စာစစ်ဌာန(၁)ခု၊ အင်းတော်မြို့နယ်အနေဖြင့် စာစစ်ဌာန(၁)ခု၊ ကသာခရိုင်တွင် စာစစ်ဌာန စုစုပေါင်း(၅)ခု ဖွင့်လှစ်၍ ကျောင်းသားကျောင်းသူပေါင်း (၁၃၈၂) ဦးဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးအောင်လှိုင်မြင့်က စာစစ်ဌာနများလုံခြုံရေး၊ စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ၏ လုံခြုံရေးအတွက် စီမံဆောင်ရွက်ထားမှုများကိုလည်းကောင်း၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးစိုးထွန်းက စာစစ်ဌာနများ၏ မီးဘေးလုံခြုံမှုအတွက် ဆောင်ရွက်ထားမှုကိုလည်းကောင်း၊ ခရိုင်ကျန်းမာရေးဦးစီးမှူး ဒေါက်တာစိုးသူအန်းက စာမေးပွဲဖြေဆိုစဉ်အတွင်း ကျောင်းသား၊ ကျောင်းသူများအတွက် ကျန်းမာရေးစောင့်ရှောက်ရန် စီစဉ်ထားမှုကိုလည်းကောင်း၊ ခရိုင်လျှပ်စစ်ဦးစီးမှူးဦးဇော်ဇော်ဦးက စာမေးပွဲဖြေဆိုစဉ်အတွင်း စာစစ်ဌာနများရှိရာ နယ်မြေ၌ လျှပ်စစ်မီးပြတ်တောက်မှုမရှိစေရေး စီစဉ်ထားမှုကိုလည်းကောင်း၊ ခရိုင်ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးအောင်ကိုကိုက စာစစ်ဌာနများရှိရာ လမ်းများတွင် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာမှုကို ကြီးကြပ်မည့်အစီအမံများအား လည်းကောင်း၊ အသီးသီးတင်ပြဆွေးနွေးကြသည်။ အဆိုပါဆွေးနွေးမှုများအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ဖြည့်စွက်အကြံပြု တင်ပြကြသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် ကြီးကြပ်ရေးမှူး ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(ကသာ)