ချောက် မတ် ၃
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့မစျေး၌ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ယနေ့နံနက် ၉ နာရီခွဲအချိန်က စျေးကွက်အတွင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၏ထောက်ခံချက်မပါဘဲ Parbisure ဆေးရောင်းချနေမှု ရှိ၊ မရှိနှင့် သက်တမ်းလွန်ပြီးစားသုံးရန်မသင့်သော အစားအသောက်လူသုံးကုန်ပစ္စည်းများအား စျေးကွက်အတွင်းရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်စစ်ဆေးရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန ဒုတိယခရိုင်မှူး ဒေါ်မြတ်မြတ်မိုးက ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ(၄၁)ပါကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး သက်တမ်းလွန်ဆေးဝါးများကိုတွေ့ရှိခဲ့သဖြင့် ဆေးဆိုင်များမှ ပူးပေါင်းစစ်ဆေးရေးအဖွဲ့ထံ လာရောက်အပ်နှံခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခြင်းအား ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့မစျေးကော်မတီဥက္ကဋ္ဌတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ဈေးကွက်အတွင်းရောင်းချနေသော စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများအား ဝယ်ယူသုံးစွဲကြသော စားသုံးသူမိဘပြည်သူများအနေဖြင့် ဘေးဥပါဒ်ကင်းရှင်းစွာသုံးစွဲနိုင်စေရေး၊ သတင်းအချက်အလက် များပြည့်စုံမှန်ကန်စွာဖော်ပြထားသော အရည်အသွေးပြည့်မီသော ကုန်ပစ္စည်းများကိုသာ ဝယ်ယူသုံးစွဲနိုင်စေရေး၊ မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဥပဒေနှင့် ညီညွတ်သောကုန်ပစ္စည်းများကိုသာ ရောင်းချနိုင်စေရေး၊ ရောင်းချသည့်ဈေးဆိုင်လုပ်ငန်းရှင်များအနေဖြင့်လည်း ဌာနဆိုင်ရာများ၏ တည်ဆဲဥပဒေနှင့်ညီညွတ်သော ကုန်ပစ္စည်းများကိုသာ ရောင်းချစေရန်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)