စစ်တွေ မတ် ၃
စစ်တွေမြို့ပေါ်ရှိ ပြည်သူများ သုံးရေလုံလောက်စွာ ရရှိနိုင်ရေးအတွက် စစ်တွေမြို့ရေရရှိရေး လုပ်ငန်းအဖွဲ့ဝင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) (ရုံးချုပ်) မှ ညွှန်ကြားရေးမှူး ဦးသက်နိုင်နှင့်အဖွဲ့သည် မတ်လ ၂ ရက်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် အစိုးရအဖွဲ့ဝင်များအား ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံကြသည်။
တွေ့ဆုံစဉ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ (ရေအရင်းအမြစ်) ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက မြေအောက်ရေထုတ်ယူသုံးစွဲနိုင်ရေး ဆန်းစစ်သုတေသနပြု တိုင်းတာခြင်းများ ဆောင်ရွက်မည့် အစီအမံများနှင့် ကန်တော်ကြီးရေစုကန် သန့်ရှင်းသပ်ရပ်မှုနှင့်ကြံ့ခိုင်မှုကို ပြန်လည်မြှင့် တင်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက် ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ပေးသည်။
ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ရေရရှိရေးလုပ်ငန်းအဖွဲ့မှ စစ်တွေမြို့၊ မြောက်ဘက်ခြမ်း၊ သင်္ဂနက်ကျေးရွာအနီးတွင် မြေအောက်ရေထုတ်ယူသုံးစွဲနိုင်ရေး မြေပြင်ကွင်းဆင်း ဆန်းစစ်တိုင်းတာနေမှုအား သွားရောက်ကြည့်ရှုကြရာ (ရေအရင်းအမြစ်) ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးတို့က ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ရေရရှိနိုင်မည့်အခြေအနေများ၊ ရေလုံလောက်စွာ ဖြန့်ဖြူးပေးနိုင်မည့် အခြေအနေများကို မေးမြန်းဆွေးနွေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်တော်ကြီးရေစုကန်၏ သန့်ရှင်းသပ်ရပ်မှုနှင့် ကြံ့ခိုင်မှုတို့ အား ပြန်လည်မြှင့်တင်ရန် ဆောင်ရွက်ရမည့် အခြေအနေများအား သွားရောက်ကြည့်ရှုကြရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ပြည်နယ်စည်ပင် သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြသည်။
စစ်တွေမြို့ ရေရရှိရေးလုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူများသည် ကန်တော်ကြီးနှင့်ပေ ၃၀၀၀ ခန့် အကွာဝေးရှိ သင်္ဂနက်ကျေးရွာနှင့် အနီးပတ်ဝန်ကျင်နေရာများတွင် မြေအောက်ရေ ထုတ်ယူသုံးစွဲနိုင်ရေးအတွက် ပွိုင့် (၇) နေရာသတ်မှတ်ကာ ဆန်းစစ်သုတေသနပြု တိုင်းတာခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)