တောင်သာမြို့နယ် ရှောက်ပင်ကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနူန်းပြည့်ပြီးစီးသဖြင့် လုပ်ငန်းလွှဲပြောင်းခြင်းအခမ်းအနားပြုလုပ်

တောင်သာ မတ် 

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တောင်သာမြို့နယ်တွင်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာလူထုအခြေပြုစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ရှောက်ပင်ကျေးရွာ၌ ရွာတွင်းလမ်းများကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအားဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းအားလုံး ရာနူန်းပြည့်ပြီးစီးသဖြင့် လုပ်ငန်းအပ်နှံခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က အဆိုပါကျေးရွာကွန်ကရစ်လမ်းပေါ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှောက်ပင်ကျေးရွာ ရွာဦးကျောင်းဆရာတော်ဦးရဋ္ဌပါလက သြဝါဒကထာ မြွတ်ကြားပေးခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက အမှာစကားပြောကြားရာတွင် ဆောင်ရွက်ပြီးလုပ်ငန်းများကိုတန်ဖိုးထား ထိန်းသိမ်းကြဖို့၊ ကျေးရွာစိတ်ဓာတ်အတိုင်း ညီညွတ်စွာဖြင့်ပူးပေါင်းဆောင်ရွက်ကြဖို့ ၊ ရပ်ရွာသန့်ရှင်းရေးဆောင်ရွက်ကြဖို့မှာကြားခဲ့သည်။ ယင်းနောက် ကျေးရွာရပ်မိရပ်တစ်ဦးက ကျေးဇူးတင် စကားပြောကြားကာ VDP ကော်မတီဥက္ကဋ္ဌက ကျေးရွာလမ်းကော်မတီဝင်တစ်ဦးထံ လုပ်ငန်းလွှဲပြောင်းအပ်နှံမှတ်တမ်းလွှာအားလွှဲပြောင်းပေးခဲ့ပြီး ကျေးရွာမှအလှူရှင်တစ်ဦးက ရွာလုံးကျွတ်ထမင်းကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။

အဆိုပါ ရှောက်ပင်ကျေးရွာရွာတွင်းလမ်းများ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား VDP ထောက်ပံ့ရန်ပုံငွေ သိန်း ၁၀၀၊ ပြည်သူလူထုထည့်ဝင်ငွေ သိန်း ၁၀၀၊ အကျွတ်အလွတ်ဆရာတော်က ကျောက်လှူဒါန်းခြင်း (တန်ဖို ၅၅)သိန်းနှင့် တစ်ရွာလုံး၏လုပ်အားဒါနထည့်ဝင်မှုတို့ဖြင့် အလျားပေ ၁၁၀၀၊ အကျယ် ၁၅ ပေ ၊ ထု ၆ ထိဆောင်ရွက်နိုင်ခဲ့ကြောင်း၊ လုပ်ငန်းအားလုံးပြီးစီးနိုင်ခဲ့သဖြင့် အိမ်ခြေ ၁၃၄ အိမ် လူဦးရေ ၄၉၈ ဦးအတွက် သာရေး၊ နာရေးကိစ္စရပ်များအပြင် ကျန်းမာရေး၊ ပညာရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးအတွက် သွားရေးလာရေးလွယ်ကူလာစေနိုင်ပြီဖြစ်ကြောင်း ရွာဦးကျောင်းဆရာတော် ဦးရဋ္ဌပါလက မိန့်ကြားသည်။                             

ကျော်မျိုးနိုင်(တောင်သာ)