မြောက်ဦးမြို့၌ ကိုးသောင်းပုထိုးတော်ကြီး ပထမဆုံးအကြိမ်မြောက် ဗုဒ္ဓပူဇနိယျပွဲတော်ကျင်းပမည်

မြောက်ဦး  မတ် 

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ  ရခိုင်ရှေးဟောင်းယဉ်ကျေးမှု သမိုင်းဝင်အမွေအနှစ် ကိုးသောင်းပုထိုးတော်ကြီးကို ပထမဆုံးအကြိမ်မြောက် ဗုဒ္ဓပူဇနိယျပွဲတော်ကို မတ်လ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ညတိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။

ကိုးသောင်းပုထိုးတော်ကြီးမှာ မြောက်ဦးမြို့ နန်းတော်ရာကုန်း၏ အရှေ့ဘက်တစ်မိုင်ခွဲခန့်အကွာတွင် တည်ရှိပြီး အေဒီ ၁၅၅၃-၁၅၅၆ ခုနှစ်အတွင်း  ရခိုင်ဘုရင်  မင်းတိက္ခာက တည်ထား ခဲ့သော ပုထိုးတော်ကြီး ဖြစ်သည်။

ပွဲတော်တွင် နေ့ပွဲများဖြစ်သော ဗုဒ္ဓဘိသေကအနေကဇာတင် ပူဇော်ခြင်း၊ ပရိတ်ပဌာန်းဒေသ နာတော်မြတ် ရွတ်ဖတ်ပူဇော်ခြင်း၊ ရခိုင့်ရိုးရာကျင်ပွဲတွင် အကြီးတန်း၊ အလတ်တန်း၊ အငယ်တန်း ၊ပိုက်ကျော်ခြင်းပြိုင်ပွဲ အမျိုးသမီး (၁၀) ဦး လွန်ဆွဲပြိုင်ပွဲများနှင့် ညပွဲဖြစ်သောအောင်ပွဲစံဇတ်သဘင်ဖြင့် ကပြဖျော်ဖြေသွားမည်ဖြစ်ပြီး ကိုးသောင်း ဘုရားပွဲတော် ကျင်းပခြင်းမရှိသည်မှာ ကြာမြင့်ပြီဖြစ်၍ ယခုချိန်တွင် ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ကျင်းပခြင်းဖြစ်ပြီး  ဗုဒ္ဓပူဇနိယျ ပွဲတော်ကြီးကို သက္ကရာဇ် ၁၃၈၄ ခုနှစ် တပေါင်းလပြည့်ကျော် ၁၃ ရက်နေ့ မှ ၁၅ ရက်နေ့ထိ၊ ခရစ်သက္ကရာဇ် ၂၀၂၃ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့မှ ၂၀ ရက် နေ့အထိ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ကိုးသောင်းဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်ညွန့်ထံမှ သိရသည်။

မြင့်စိုး စိုးငြိမ်းနိုင် (ပြန်/ဆက်)