မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးပညာရေးဒီဂရီကာလိပ် ရှေးဦးသူနာပြုစုခြင်း (အခြေခံ)သင်တန်း (၁/၂၀၂၃)သင်တန်းဆင်းလက်မှတ် အပ်နှင်းပွဲ အခမ်းအနားတက်ရောက်

မကွေး မတ် ၃

မကွေးတိုင်းဒေသကြီး မကွေးမြို့ မကွေးပညာရေးဒီဂရီကာလိပ် ရှေးဦးသူနာပြုစုခြင်း(အခြေခံ)သင်တန်း(၁/၂၀၂၃) သင်တန်းဆင်းလက်မှတ်အပ်နှင်းပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် ၂ နာရီအချိန်က မကွေးမြို့ မကွေးပညာရေးဒီဂရီကာလိပ် ပညာ့ဗိမာန်ခန်းမ၌ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်နှင့်အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သင်ကြားရေး ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ယခုကဲ့သို့ ပညာရေးဒီဂရီကော လိပ်မှာတက်ရောက်ပြီး ဆရာအတတ်ပညာများကို သင်ယူနေစဉ်ကာလမှာ ဘက်စုံပညာ အရည်အသွေးပြည့်ဝဖို့ စာတွေ့လက်တွေ့ပေါင်းစပ်ကာ သင်ယူလေ့လာနေကြပြီး အခြေခံပညာကျောင်းတွေရဲ့ လိုအပ်တဲ့ဆရာအင်အားကို ဖြည့်ဆည်းဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း၊ မိမိတတ်ကျွမ်းတဲ့ သင်ကြားနည်းစနစ်များဖြင့် မိမိတို့ရဲ့တပည့်ကျောင်းသား၊ ကျောင်းသူတွေကို ပညာအမွေလက်ဆင့်ကမ်း သင်ကြားပေးရာမှာ ဆရာဆိုတာကလေးများအတွက် ဒုတိယမိဘပမာရှိနေပြီး၊ ကျောင်းတွင်စာတစ်ခုတည်းကိုသာ သင်ကြားပေးရခြင်းမဟုတ်ဘဲ စာကိုလည်းသင် လူကိုလည်းပြင်ဆိုသကဲ့သို့ ကျောင်းသား၊ ကျောင်းသူများအား အသိပညာ ဗဟုသုတပြည့်စုံစေရန် လမ်းညွှန်ပြသရသကဲသို့ ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ ပညာသင်ယူနိုင်စေရန်လည်း ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းမှရရှိလာမည့် အသိပညာများဖြင့် သင်တန်းသား၊ သင်တန်းသူ ဆရာ၊ဆရာမလောင်းများက မိမိတို့ပတ်ဝန်းကျင်နှင့် တာဝန်ကျရာဒေသများမှာ လူ့အသက်ကယ်တင်နိုင်တဲ့ အခွင့်အရေးရမှာဖြစ်ပါကြောင်း၊ ရှေးဦးပြုစုခြင်းက အရေးပါ်ကုသမှုနေရာမှာ အစားထိုးတာမျိုးမဟုတ်ဘဲ ထိခိုက်မိတဲ့အခါ ပြင်းထန်တဲ့အဆင့် မရောက်စေဖို့နဲ့ရှင်သန်နိုင်မည့် အခွင့်အရေးများစေဖို့ အရေးပေါ်ကုသမှုမခံယူနိုင်ခင်စပ်ကြား လုပ်ဆောင်ပေးသင့်တဲ့ အရေးပါတဲ့အဆင့်တစ်ရပ်ဖြစ်ပါကြောင်း၊ အရေးပေါ်အခြအနေတွမှာ ရှေးဦးသူနာပြုစုနည်းနှင့် ပြုစုပေးတာက လူနာကိုရှင်သန်နိုင်မည့် အခွင့်အလမ်းများအောင် ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက် မိမိတို့တာဝန်ကျရာကျောင်း၊ ရပ်ရွာတွေမှာ ၎င်းအတတ်ပညာကိုအသုံပြုပြီး ကျန်းမာရေးမြှင့်တင်မှုလုပ်ငန်းများ အသိပညာပေးလုပ်ငန်းများ၊ ထိခိုက်ဒဏ်ရာများကို စနစ်တကျပြုစုစောင့်ရှောက်နိုင်တဲ့ ကဏ္ဍတွေမှာ ပါဝင်လုပ်ဆောင်လာနိုင်မည်ဖြစ်ပါကြောင်း၊  ရှေးဦးသူနာပြုစုခြင်းရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ အသက်တွေကိုကယ်တင်ဖို့၊ ထိခိုက်ဒဏ်ရာတွေ၊ အဖျားရောဂါတွေ ပိုဆိုးမလာအောင်ကာကွယ်ဖို့၊ နလန်ထချိန်မြန်စေဖို့၊ နာကျင်မှုတွေကိုသက်သာစေဖို့၊ မျှော်လင့်မထားတဲ့ ဆုံးရှုံးမှုတွေဖြစ်မလာစေဖို့ကိစ္စတွေမှာ သင်တန်းဆင်းဆရာ၊ ဆရာမလောင်းတွေက ပါဝင်အားဖြည့်ကြမယ်လို့ ယုံကြည်ပါကြောင်းစသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ မကွေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးက သင်တန်းဆိုင်ရာအချက်အလက်များရှင်းလင်းတင်ပြခဲ့ပြီး၊ တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ  ပါမောက္ခ ဒေါက်တာချောခင်က ရှေးဦးပြုစုခြင်း အခြေခံသင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ရှေးဦးသူနာပြုစုခြင်း(အခြေခံ)သင်တန်း(၁/၂၀၂၃)သို့ တက်ရောက်သည့် ပညာရေးဒီဂရီကောလိပ် သင်တန်းသား၊ သင်တန်းသူ(၈၀)ဦးအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က သင်တန်းဆင်းလက်မှတ်များပေးအပ်ကာ၊ သင်တန်းသားသင်တန်းသူ ဆရာ၊ ဆရာမများက ရှေးဦးပြုစုခြင်းသရုပ်ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်ညီညာ