မိုးညို မတ် ၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်ရှိ အထက(မိုးညို)ကျောင်းတွင် ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့ထိ ကျင်းပ ပြုလုပ်မည့် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက်ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင်တွင် မီးထိတ်လန့်မှုမဖြစ်စေရန် မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်ဇော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်မှူးရုံးမှ မြို့နယ်လျှပ်စစ်မှူး ဦးဟန်ဆွေနှင့် ဝန်ထမ်းများက အထက(မိုးညို)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းထွေး၊ ကျောင်းကော်မတီဝင်များနှင့်အတူ ကျောင်းအတွင်း/အပြင်တို့အား လှည့်လည်ကြည့်ရှုခဲ့ပြီး ရေလုံလောက်စွာရရှိရေး ဆောင်ရွက်ထားရှိမှု၊ မီးသတ်ဆေးဘူးများ အသင့်ထားမှု၊ မီးဘေးလုံခြုံရေးအစီအမံများ ဆောင်ရွက်ထားမှု တို့အား ကြည့်ရှုကာ ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ရုံးသုံးလျှပ်စစ်ပစ္စည်းများကို အသုံးပြုပြီးပါက စနစ်တကျ မမေ့မလျော့ပိတ်ထားရန် တာဝန်ရှိသူများအား မှာကြားကာ လျှပ်စစ်အသုံးပြုသည့် ဝါယာကြိုးများ ကောင်းမွန်မှု ရှိ/မရှိ လိုက်လန်စစ်ဆေးပြီး လိုအပ်သည်များကို ပြုပြင်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)