ဖြူး မတ်လ ၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ရွာတန်းရှည်ကျေးရွာအုပ်စု၊ ငှက်ကြီးသိုက်စံပြ ကျေးရွာတွင် Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်သော ကျေးရွာထိပ် မြေသားလမ်းဖို့ခြင်းနှင့် ကျေးရွာပတ်လမ်း ကျောက်ရောမြေခင်းခြင်းလုပ်ငန်းများ ပြီးစီးသွားသောကြောင့် ကျေးရွာ၏အဓိကလုပ်ငန်းများဖြစ်သော စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအပြင် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးလုပ်ငန်းများအတွက်ပါ အဆင်ပြေစေမည်ဖြစ်ကြောင်း ကျေးရွာဒေသခံများထံမှ သိရသည်။
အဆိုပါလမ်းအား သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘက်ဂျက်ခွင့်ပြု ငွေကျပ်(၁၀)သန်းဖြင့် ကျေးရွာထိပ်လမ်းအရှည်(၃၂၀)ပေ၊ လမ်းအကျယ် (၁၈)ပေ မြေသားလမ်းဖို့ခြင်းနှင့် ကျေးရွာပတ်လမ်း အရှည်(၆၀၀)ပေ၊ လမ်းအကျယ်(၁၂)ပေ ကျောက်ရော မြေခင်းခြင်းနှင့် Pipe Culvert (၂)စင်း ဆောင်ရွက်ခြင်းများကို ၂၀၂၂ခုနှစ်၊ သြဂုတ်လမှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ လမ်းဆောင်ရွက်ပြီးစီးမှု အခြေအနေအား ဖြူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးအောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခြင်း၊ ဆက်လက်ဆောင်ရွက်သွားမည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ ဆက်)