ကျိုက်ထိုမြို့နယ် ကျိုက္ကသာကျေးရွာ၌ မြေပဲမျိုး(ယှဉ်ပြိုင်)စမ်းသပ်ခြင်း ကွင်းသရုပ်ပြ

ကျိုက်ထို မတ်

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ယမန်နေ့နံနက် ၁၀ နာရီတွင် ကျိုက်ထိုမြို့နယ် ကျိုက္ကသာကျေးရွာ တောင်သူ ဦးအောင်ကျော်ထူး၏ စံပြစိုက်ခင်း၌ မြေပဲမျိုး (ယှဉ်ပြိုင်)စမ်းသပ်ခြင်း ကွင်းသရုပ်ပြခြင်းကိုပြုလုပ်ခဲ့သည်။

ကွင်းသရုပ်ပြရာ၌ ကျိုက်ထိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းဗိုလ်က ယခင်နှစ်များက စိုက်ပျိုးသည့် မြေပဲများအစား ဗီယက်နန်မြေပဲမျိုးကို စမ်းသပ်စိုက်ပျိုးပေးခြင်းဖြစ်ကြောင်း ဗီယက်နန်မျိုးမှာ အခွံပါးလွှာ၍ အတွင်းဆံများ ပြီးကြီးထွားခြင်းရှိ၍ မြေပဲဆီကြိတ်ရာတွင် ဆီထွက်နှုန်းကောင်း ကာသမရိုးကျစိုက်ပျိုးသည့် မြေပဲနှင့်ဗီယက်နန်မြေပဲ စိုက်ပျိုးစရိတ်ကုန်ကျမှုမှာ အတူတူဖြစ်သည်ကို တောင်သူများအား အသိပေးပြောကြားခဲ့သည်။

ဆက်လက်၍ တောင်သူအောင်ကျော်ထူးက ယခင်နှစ်များက ဆောင်းမြေပဲမျိုးကို စိုက်ပျိုးခဲ့သော်လည်း တစ်ဧကထွက်နှုန်းမှာ တင်း (၇၀)ထွက်ရှိခဲ့ကြောင်း ယခု စမ်းသပ်စိုက်ပျိုးသည့် ဗီယက်နန်မြေပဲအထွက်နှုန်းမှာ တစ်ဧက တင်း(၁၀၀)အထိ ထွက်ရှိခြင်းကြောင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများအား ကျေးဇူးတင်စကားပြောကြားခဲ့‌ကြောင်း သိရသည်။

ဝင်းမောင်(ကျိုက်ထို)