ကျိုက်ထို မတ် ၃
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က တောင်သူလယ်သမားနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်သန်း သန်းမော်က အသိပညာပေး Talk Show အစီအစဉ် ပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးဝင်းဗိုလ်က တောင်သူလယ်သမားနေ့ဖြစ်ပေါ်လာပုံအကြောင်း၊ တောင်သူလယ်သမားတွေရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနေမှု၊ တောင်သူလယ်သမားများ၏ စိုက်ပျိုးထုတ်လုပ်မှုအပေါ်ဌာနအနေဖြင့် ဝန်ဆောင်မှုပေးနေသည့် အခြေအနေများ၊ စာနပ်ရိက္ခာအတွက်တောင်သူလယ်သမားများ၏ အရေးပါပုံအကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ အသိပညာပေး Talk Show ဆွေးနွေးပွဲအစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် ပြည်သူ အသိပညာပေးဝန်ဆောင်မှု လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုး (ပြန်/ ဆက်)