မောက်မယ် မတ် ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးနေဝင်း ဦးဆောင်သော ကွန်ကျိုင်းရပ်ကွက် လူငယ်ပရဟိတပန်းရံ/ လက်သမားအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများတို့ ပူးပေါင်းပြီး လေပြင်းဘေးကြိုတင်ကာကွယ်ရေးစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်မှုကို ကွန်ကျိုင်းရပ်ကွက်ရှိ ဦးဝင်း၏ နေအိမ်အား ယနေ့နံနက်၈နာရီမှစတင်ပြီး လေပြင်းဘေးဒဏ်ခံ မိုးလုံလေလုံ တစ်ထပ်တိုက် နေအိမ်စတင်ဆောက်လုပ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လေပြင်းဘေးကြိုတင်ကာကွယ်ရေးစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ အိမ်ဆောက်ပစ္စည်းတန်ဖိုး ကျပ်(၄)သောင်း အနယ်နယ်အရပ်ရပ်မှ လှူဒါန်းထားသည့် သက်ကြီးဘိုးဘွားနေအိမ်များ ဆောက်လုပ်လှူဒါန်းခြင်း ရန်ပုံငွေမှ မတည်ငွေကျပ်(၃)သိန်း၊ လင်းခေးမြို့ ရပ်မိရပ်ဖများမှဘိလပ်မြေ (၁၀)အိတ်၊ ကျွန်းတံခါးချပ်ကြီးနှစ်ချပ်တွဲ (၁)စုံ (ကျည်းဘောင်အပါ)၊ ပြူတင်းတံခါးနှစ်ချပ်တွဲ(၁)စုံ (ကျည်းဘောင်အပါ)ဖြင့် အလျား၁၅ပေ၊ အနံ၁၂ပေ၊ အမြင့် ၁၁ ပေရှိ လေပြင်းဘေးဒဏ်ခံမိုးလုံလေလုံတစ်ထပ်တိုက်ကို ကွန်ကျိုင်းရပ်ကွက် လူငယ်ပရဟိတပန်းရံ/ လက်သမားအသင်း လုပ်အားဒါနဖြင့်လည်းကောင်း ထပ်မံလိုအပ်သည့် အိမ်ဆောက်ပစ္စည်းများကို ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများတို့က စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကွန်ကျိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်မြင့်ထံမှ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)