ကံမမြို့နယ် ဇီးဖြူကွင်းကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

ကံမ မတ် ၃

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်  ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ်  ၁  နာရီက ကံမမြို့နယ် သာဇီကျေးရွာအုပ်စု ဇီးဖြူကွင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းဌေးကဒေသဖွံ့ဖြိုးရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေးတို့အားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှုးရဲမှူး ခင်ဝင်းဇော်က ယာဉ်စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်းရေးအတွက် စည်းကမ်းလိုက်နာကြရန် အသိပညာပေးပြောကြားခဲ့သည်။ ထို့နောက် အဖွဲ့ဝင်(၃) ဦးတင်အောင်ဝင်းက လူဦးရေကောက်ယူခြင်းဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့ပြီး ဌာနဆိုင်ရာများမှ မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ပေးမှုအခြေအနေများအား ပြောကြားကြပြီး ဒေသခံပြည်သူများ၏ သိရှိလိုသည့် မေးမြန်းချက်များအား တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန မြို့နယ်ဦးစီးမှုးရုံးမှ   အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်၍ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌   ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)