မင်းဘူး မတ် ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် မင်းလှကျင်းရွာသူ၊ ရွာသားများသည် ယခုနှစ်လည်း ရိုးရာဓလေ့အစဉ်အလာအတိုင်း တပေါင်းလဆန်း ၁၂ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်တွင် လှည်းအစီး ၃၀ ပါ ယာဉ်တန်းဖြင့် စတင်၍ တပေါင်းလပြည့်ကျော် ၁ ရက်နေ့အထိ ၄ ရက်တိုင် ညအိပ် ဘုရားဖူးထွက်ခွါမှာဖြစ်ကြောင်း မင်းလှကျင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးအုံးကြိုင်ထံမှ သိရသည်။
ရွှေစက်တော်ဘုရားပွဲတော်ကို နှစ်စဉ်တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ သုံးလတိုင်တိုင်ကျင်းပခဲ့ပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိသော သမိုင်းဝင်တန်ခိုးကြီး ပါဒစေတီတော်မြတ်ကြီးဖြစ်သည်။
မင်းလှကျင်းကျေးရွာသည် အိမ်ခြေပေါင်း ၂၀၀ ကျော်ရှိကာ ရွှေစက်တော်ဘုရားနှင့် ၁၃ မိုင်သာဝေးကွာတာကြောင့် နွားလှည်းမရှိသူများမှအပ ကျန်အိမ်ထောင်စုဝင်များအားလုံး ညီညီညွတ်ညွတ်ဖြင့် ဘုရားဖူးထွက်သည့် အစဉ်အလာရှိကြသည်။
နှစ်စဉ် တပေါင်းလဆန်း ၁၃ ရက်မှ လပြည့်ကျော် ၃ ရက်အတွင်း ဘုရားဖူးထွက်လေ့ရှိကြပြီး ခုနှစ်ရက်တိုင် အောက်သောင်ပြင် ရေဆိပ်တွင် စခန်းချ ဖူးမြော်လေ့ရှိကြသော်လည်း ယခုနှစ်တွင် တပေါင်းလဆန်း ၁၂ ရက်နေ့မှ လပြည့်ကျော် ၁ ရက်နေ့အထိ ၄ ရက်သာ ညအိပ်စခန်းချဖူးမြော်သွားမှာဖြစ်ကြောင်းလည်း သိရသည်။
မင်းလှကျင်း ကျေးရွာသည် မင်းဘူး(စကု)မြို့နယ်တွင် တည်ရှိပြီး ဘိုးဘေးဘီဘင်လက်ထက်မှ ယနေ့ မျက်မှောက်ခေတ်ကာလအထိ ရှေးရိုးစဉ်လာမပျက် နွားလှည်းတန်းများဖြင့် စည်ကားသိုက်မြိုက်စွာ ဘုရားဖူးခဲ့ကြသည့် တစ်ခုတည်းသော ကျေးရွာဖြစ်သကဲ့သို့ ယခုနှစ်တွင်လည်း ရိုးရာဓလေ့အစဉ်အလာကို ဖော်ကျူးသည့်အနေဖြင့် နွားလှည်းအစီး ၃၀ ပါယာဉ်တန်းဖြင့် ရွှေစက်တော်ဘုရားသို့ ဘုရားဖူးထွက်ဦးမည်ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအုန်းကြိုင်၏ ပြောပြချက်အရ သိရသည်။
ဇေယျာထက်(မင်းဘူး)