ငဖဲ မတ် ၃
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေသခံတောင်သူများမွေးမြူထားသည့် ကျွဲ၊နွားများတွင် ကျရောက်တတ်သောရောဂါများမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကူးစက်ရောဂါကြိုတင်ကာကွယ်ဆေးများနှင့် ကုသဆေးများကို ကျေးရွာများသို့ကွင်းဆင်း၍ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကျောင်းကုန်းကျေးရွာသို့ သွားရောက်၍ ကျွဲ၊ နွားကောင်ရေ(၁၅၅)ကောင်အား ပေါင်ပုပ်လက်ပုပ်ရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးများထိုးနှံပေးရာတွင် ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာချစ်ချယ်ရီစိုးနှင့် ဝန်ထမ်းများဦးဆောင်ပြီး တိရစ္ဆာန်ကျန်းမာရေး အကူလုပ်သားများပူးပေါင်းကာ ကျောင်းကုန်းကျေးရွာမှ တောင်သူများမွေးမြူထားသော ကျွဲ(၂၂)ကောင်နှင့် နွားကောင်ရေ(၁၃၃)ကောင်စုစုပေါင်း ကျွဲ၊ နွားကောင်ရေ(၁၅၅)ကောင်အား ပေါင်ပုပ်လက်ပုပ် ရောဂါကာကွယ်ဆေးများထိုးနှံပေးခဲ့ပြီး နွားခြံများအား ပိုးမွှားရောဂါကာကွယ်စေရန် ခြံဖြန်းဆေး ပိုးသတ်ဆေးများပေးအပ်ခဲ့ကာ ကျွဲ၊ နွားများတွင် ဖြစ်ပေါ်တတ်သော ရောဂါများနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ကျန်းမာကြံ့ခိုင်စေရန်အတွက် အာဟာရညီညွတ်မျှတစွာ ပါဝင်သောအစားအစာကို လုံလောက်စွာကျွေးမွေးရန်နှင့် စနစ်တကျ မွေးမြူနည်းများ၊ ကျွဲနွား ကူးစက်ရောဂါသံသယ လက္ခဏာများတွေ့ရှိပါက မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ ဆက်သွယ်အကြောင်းကြားရန် စသည်တို့ကို တောင်သူများအား အသိပညာပေးဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)