မာန်အောင်မြို့နယ်၌ တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် တောင်သူများအား သီးနှံမျိုးစေ့ ထောက်ပံ့ပေးအပ်

မာန်အောင် မတ်

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဦးစီး၍ ၂၀၂၃-ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် ပိုက်ဆံလျှော် မျိုးစေ့ထုတ်စိုက်ပျိုးသည့် တောင်သူများအား သီးနှံမျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်၈နာရီခွဲက ခအုန်းမော်ကျေးရွာအုပ်စု၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဦးထွန်းစောမှ ပိုက်ဆံလျှော်စိုက်ပျိုးခြင်းကြောင့် ရရှိလာမည့်အကျိုး ကျေးဇူးများကိုလည်းကောင်း၊ စိုက်ပျိုးနည်း စနစ်များကိုလည်းကောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် တောင်သူများအား ပိုက်ဆံလျှော်မျိုးစေ့နှင့် သီးနှံစိုက်ပျိုးမှု လမ်းညွှန် လက်ကမ်းစာစောင်များကိုဖြန့်ဝေပေးခဲ့သည်။

 အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

သိန်းဖေ(ပြန်/ဆက်)