ဇီးကုန်း မတ် ၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန အစည်းအဝေးခမ်းမ၌ ယနေ့ နံနက် ၁၀ နာရီက ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စားနပ်ရိက္ခာဖူလုံပိုလျှံရေး ပန်းတိုက်အထွက်နှုန်း ရရှိစေရေးတို့အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဋ္ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်က အဖွင့်အမှာစကားပြောကြားရာတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပူးပေါင်းအကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်ကြရန်၊ ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံပိုလျှံရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း များကို ပိုမိုကြိုးပမ်းဆောင်ရွက်ကြရန်၊ နွေစပါးလျာထားစိုက်ဧက ပြည့်မှီကျော်လွန်စိုက်ပျိုးနိုင်ရန် ကြိုးစားဆောင်ရွက်ကြရန်၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် ခေတ်မီနည်းစနစ်သုံး၍ အထွက်နှုန်းတိုးတက်ကောင်းမွန်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန်တို့ကို ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော ဋ္ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ ကျန်းမာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ ပညာရေးကဏ္ဍနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တင်ပြဆွေးနွေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက သက်ဆိုင်ရာကဏ္ဍအလိုက် လမ်းညွှန်မှာကြား၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)