ပေါက်ခေါင်း မတ် ၁
၂၀၂၃ ခုနှစ် နွေစပါးသီးနှံစိုက်ပျိုးရာသီအတွက် တောင်နဝင်းရေလှောင်တမံမှစိုက်ပျိုးရေများကို ယနေ့မှစတင်၍ တောင်သူများ၏လယ်ယာမြေများသို့ ဖြန့်ဝေပေးလျက်ရှိကြောင်း ပေါက်ခေါင်းမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
တောင်နဝင်းရေလှောင်တမံမှ နွေစပါးစိုက်ပျိုးရေအတွက် ယခင်က ဇန်နဝါရီ ၁ ရက်နေ့မှ စတင်ရေပေးဝေခဲ့သော်လည်း ယခုနှစ်တွင် ဆည်ရေသောက်ဧရိယာ အတွင်း၌ သုံးသီးစား သီးနှံများစိုက်ပျိုးထားရှိခြင်းကြောင့် မတ်လ ၁ ရက်နေ့မှ နွေစပါးရေများ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ နွေစပါးစိုက်ပျိုးမည့် တောင်သူများအနေဖြင့် မိမိတို့၏လယ်မြေများကို ထွန်စက်ကြီးများ၊ ကျွဲ၊ နွားတို့ဖြင့် ထွန်ယက်ထားရှိခြင်း၊ လယ်ကြားမြောင်းများကို ရေအဝင် အထွက်ကောင်းမွန်စေရန် ပြင်ဆင်ထားပြီး ဆည်ရေရောက်ရှိပါက အသင့်ပျိုးထောင်စိုက်ပျိုးရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိကြောင်းနှင့် စိုက်ပျိုးမည့် မျိုးကောင်းမျိုးသန့်များကိုလည်း အဆင်သင့်ထားရှိကြောင်း တောင်သူများထံမှသိရသည်။ အဆိုပါတောင်နဝင်းရေလှောင်တမံမှ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ၏ နွေ၊ မိုး၊ ဆောင်း စိုက်ပျိုးသီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရန်နှင့်သီးနှံများ ရေလိုအပ်သည့်အချိန်များတွင် လယ်ယာမြေသို့ သက်ဆိုင်ရာ မြောင်မကြီး၊ မြောင်းလက်တံများမှတဆင့် စနစ်တကျဖြန့်ဝေပေးလျက်ရှိသည်။ ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ်နွေစပါး ၁၁၁၁၄ ဧက စိုက်ပျိုးရန်လျာထားလျက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သန်းထွန်းအောင်