လွိုင်ကော်မြို့နယ်၌ မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြိမ်းသတ်သရုပ်ပြသခြင်းဆောင်ရွက်

လွိုင်ကော် မတ် ၁

ပူပြင်းခြောက်သွေ့သောရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် မီးလောင်မှု၊ မီးလန့်မှုဖြစ်ပွားပါက လက်တွေ့မီးငြိမ်းသတ် သရုပ်ပြသခြင်းကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ရေနံထွက်ပစ္စည်းကြီးကြပ် စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိရုံး၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင် ပြည်နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိရုံးမှ ဝန်ထမ်းများ၊ စက်သုံးဆီအရောင်းဆိုင်(၁၄)ဆိုင်မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်သန်းနှင့် ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိ ဦးမင်းမင်းတို့က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ မီးလောင်မှုဖြစ်ပွားတတ်သည့် အကြောင်းအရာများ၊ ဂက်စ်ကြောင့်မီးလောင်မှု မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ခြင်း၊ ဆီကြောင့်မီးလောင်ပါက မီးငြိမ်းပုံ မီးငြိမ်းနည်းများ၊  မီး၏သဘောသဘာဝနှင့် မီးငြိမ်းသတ်နည်းများ၊ မီးသတ်ဆေးဘူးထိန်းသိမ်းနည်း၊  အသုံးပြုနည်း၊ မီးဘေး အန္တရာယ်ဖြစ်ပေါ်လာပါကဆောင်ရန်၊ ရှောင်ရန်အချက်အလက်များ၊ လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များနှင့် နည်းပညာများကို အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။

ထို့နောက် ဆီကြောင့်မီးလောင်ပါက မီးငြိမ်းသတ်ပုံများ၊ မီးသတ်ဆေးဘူးသုံးစွဲပုံများကို မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့သရုပ်ပြသရာ တက်ရောက်လာကြသူများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ ဆက်)