ပေါင်းတည် ဖေဖော်ဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်တွင် ရိတ်သိမ်းပြီး မတ်ပဲများကို တောင်သူများက စတင်ရောင်းချလျက်ရှိရာ ဒေသခံအဝယ်ဒိုင်များက တစ်တင်းလျှင် ခြောက်သောင်းကျပ် စျေးနှုန်းဖြင့် ပဲပေါ်ချိန်စျေးဦးစတင်ဖွင့်လှစ် ဝယ်ယူလျက်ရှိကြောင်းသိရသည်။
တောင်သူများသည် နွေစပါးအတွက် ဆည်မြောင်းရေလွှတ်ချိန်အမီ ရိတ်သိမ်းချွေလှေ့ခဲ့ရသည့် အပြင် ရာသီဥတုဖောက်ပြန်မှုကြောင့် မရိတ်သိမ်းမီ မိုးရွာသွန်းခဲ့ရာ အထွက်နည်းသည့် စိုက်ခင်းများလည်းရှိခဲ့ကြောင်း၊ မတ်ပဲစျေးကွက်သည်ပြည်ပဝယ်လိုမှုကို အားထားနေရပြီး၊ ပဲကောင်း၊ ပဲသန့်များသာ စျေးကောင်းပေး၍ အဓိကထားဝယ်ယူလေ့ရှိရာ ပေါင်းတည်မြို့နယ် အနေဖြင့် ပျှမ်းမျှတစ်ဧကလျှင် ၂၅ တင်းခန့်သာ ထွက်ရှိသောကြောင့် ယခုပေါက်စျေးသည် ရောင်းရန်သင့်၍ စောလျင်စွာ ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။
မတ်ပဲစိုက်တောင်သူ ကိုထွန်းဝင်းက စိုက်ပျိုးရေးသမားများအနေဖြင့် ရာသီဥတု ကောင်းမွန်ရေးသည် အဓိကဖြစ်ကြောင်းသဘာဝဘေးအန္တရာယ်ကြောင့် စိုက်ပျိုးထုတ်လုပ်မှု လျော့ကျလျက်ရှိကြောင်း ရှင်းပြခဲ့သည်။
သူရကြီး