ဒေးဒရဲမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး

ဒေးဒရဲ ဖေဖော်ဝါရီ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊  မြို့နယ်ဌာန ဆိုင်ရာများ  တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က မြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာလမ်းများတွင် သန့်ရှင်းသာယာရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ရန်၊ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သည့် အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားကြရန်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှုများကို တင်ပြဆောင်ရွက်သွားရန်၊ အကျိုးတူလယ်ယာစနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော နွေစပါးစိုက် ဧကများ အချိန်မီရိတ်သိမ်းပြီးစီးရေး ကျေးရွာတာဝန်ရှိသူများက အနီးကပ်ကြီးကြပ် ပေးသွားကြရန်၊ ရပ်ကွက်၊ ကျေးရွာ များတွင် လုံခြုံရေးအစီအမံများ အရှိန်မြှင့်ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ပြီး အဖွဲ့ဝင်(၁) ဗိုလ်မှူး မွန်မြတ်သူစိုးက နယ်မြေအေးချမ်းသာယာရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများကိုဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့​ဖြိုးရေးလုပ်ငန်း များနှင့် ပြည်သူများ တင်ပြလာသော အခက်အခဲများအား သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်ပေးမှု အခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

အေဇာလင်း