ဇီးကုန်းမြို့နယ်တွင် ဆောင်းသီးနှံများအပြီး သုံးသီးစိုက်တောင်သူများ ဆည်ရေဖြင့် နွေစပါးထပ်မံစိုက်ပျိုး

ဇီးကုန်း ဖေဖော်ဝါရီ ၂၈

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်၌ ဆောင်းသီနှံ ပဲတီစိမ်း၊ မတ်ပဲများအပြီး သုံးသီးစိုက်တောင်သူများအနေဖြင့် နွေစပါးများကို ထပ်မံစိုက်ပျိုးလျက်ရှိသည်။

ဇီးကုန်းမြို့နယ်တွင် တောင်ညိုဆည်နှင့် ဘော်ဘင်ဆည်တို့မှပို့လွှတ်သော ဆည်ရေဖြင့် နွေစပါး စိုက်ပျိုးလျက်ရှိပြီး၊ ၂၀၂၂-၂၀၂၃ ခုနှစ် နွေစပါးစိုက်ဧက (၆၄၅၇) လျာထားဆောင်ရွက်လျက်ရှိရာ (၂၀၀၉) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် ရက် ၉၀ စပါးမျိုး၊ ထိုင်းနှံကောက်၊ ရတနာတိုး၊ GW-11၊ ဆင်းသုခနှင့် မှော်ဘီ-၃ စပါးမျိုးများကို အများဆုံးစိုက်ပျိုးထားရှိလျက်ရှိကြောင်းနှင့် လိုအပ်သောမျိုးစပါးများနှင့် စိုက်ပျိုးရေးနည်းစနစ်များကို မြို့နယ်စိုက်ပျိုးရေးဦးစီးဋ္ဌာနမှ ဖြန့်ဖြူးပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်တွင် မိုးစပါး၊ နွေစပါး နှစ်သီးစိုက် (၁၇၃၆) ဧကနှင့် မိုးစပါး၊ ဆောင်းသီနှံ၊ နွေစပါး သုံးသီးစိုက် (၄၇၂၁) ဧကရှိကြောင်းနှင့် လယ်ယာကဏ္ဍ သီးနှံစိုက်ပျိုးထုတ်လုပ်မှု မြင့်မား တိုးတက်ရေး၊ အရည်အသွေးကောင်းမွန်ရေး၊ ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံပိုလျှံစေရေးတို့အတွက် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဋ္ဌာနမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)