စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မြို့နယ်များမှ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံ တိုင်းရင်းသားများနှင့်တွေ့ဆုံ၊ အခြေခံပညာအထက်တန်းကျောင်း ဆောက်လုပ်နေမှု ကြည့်ရှုစစ်ဆေး

မုံရွာ ဖေဖော်ဝါရီ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင်  လေရှီးမြို့နယ်၊ ဆွမ္မရာမြို့၊ မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော မြို့မိမြို့ဖများ၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ဌာနဆိုင်ရာများ နှင့် ဒေသခံတိုင်းရင်းသားများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်နှင့် တိုင်းဒေသကြီး အစိုးရအနေဖြင့် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ဆောင်ရွက်နေမှုများ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသအတွင်းရှိ မြို့ရွာများ အားလုံး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလေးထား ဆောင်ရွက်ပေးနေမှုများ၊ ဒေသခံပြည်သူများ စားရေရိက္ခာပြည့်ဝ ရေးအတွက် ဒေသခံပြည်သူများမှ ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်မှုနှင့် တိုင်းဒေသကြီးအစိုးရမှ ပံ့ပိုးပေးမည့် အခြေအနေ များ၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာမြင့်မားရေး၊ လျှပ်စစ်မီး၊ သောက်သုံးရေနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ဆောင်ရွက်ပေးမည့် အခြေအနေများ၊ မြို့ရွာ သန့်ရှင်းသာယာလှပရေးနှင့် သဘာဝပတ်ဝန်းကျင် စိန်းလန်းစိုပြေရေးအတွက် ထိန်းသိမ်းဆောင်ရွက်သွားရန် လိုအပ်မှုအခြေအနေများအား အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ လေရှီးမြို့နယ်၊ ဆွမ္မရာမြို့ စီမံံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်ကိုလတ်က မြို့နှင့် ကျေးရွာများ ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနများအလိုက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများနှင့်ပတ်သက်၍ အသီးသီးရှင်းလင်း ပြောကြားကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက လေရှီးမြို့နယ်၊ ဆွမ္မရာမြို့ နာဂစာပေ ရိုးရာယဉ်ကျေးမှုအဖွဲ့၊ လုံခြုံရေးတာဝန်ထမ်း ဆောင်နေကြသူများနှင့် မြို့ဌာနဆိုင်ရာဝန်ထမ်းများအတွက် တာဝန်ရှိသူ များထံ ထောက်ပံ့ငွေများအားပေးအပ်ရာ မြို့မိမြို့ဖများနှင့် ဒေသခံတိုင်းရင်းသားများက ကျေးဇူးတင်စကား ပြန်လည် ပြောကြားကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးပြီး တွေ့ဆုံပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆွမ္မရာမြို့၊ အခြေခံပညာ အထက်တန်းကျောင်းဝန်း အတွင်း အလျား ၁၂၀ ပေ၊ အနံ ၃၀ ပေ၊  RC ၁ ထပ် ကျောင်းဆောင် ၂ ဆောင် အဆောက်အဦသစ်များ ဆောက်လုပ် နေမှုအား လိုက်လံကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ဆဲ အဆောက်အဦများ အချိန်မီပြီးစီးရေး၊ စံချိန်စံညွှန်းမီအရည် အသွေး ကောင်းမွန်ရေး မှာကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လေရှီးမြို့နယ်၊ ပန်ဆပ်ကျေးရွာသို့ ရောက်ရှိရာ ဒေသခံတိုင်းရင်းသားများက ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် ပန်ဆပ်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျေးရွာရပ်မိရပ်ဖများ၊ နာဂရိုးရာယဉ်ကျေးမှု စာပေအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာ ရပ်မိရပ်ဖများက ကျေးရွာ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက် များကို ဆွေးနွေးတင်ပြ ကြပြီး တင်ပြချက်များအပေါ် နဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့တာဝန်ယူ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ကို တာဝန်ရှိသူများနှင့် ဖြည်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးပြီး ကျေးရွာဘာသာရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လေရှီးမြို့နယ်၊ ကူကီး ကျေးရွာသို့ ရောက်ရှိရာ ဒေသခံတိုင်းရင်းသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ကျေးရွာအုပ်ချုပ် ရေးမှူးနှင့် ဒေသခံတိုင်းရင်းသားများ၏ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပတ်သက်၍ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ဖြည်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)